ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာမှ ညောင်းဝန်းကျေးရွာသို့ သွားသည့် ကားလမ်းတစ်နေရာ၌ စစ်ကောင်စီ၏ ဆိုင်ကယ်သုံးစီးနှင့် ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း PPDFတပ်ရင်း ၃၆၀၁ထံမှ သိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၆ရက်)၊ မနက် ၉နာရီခန့်တွင် လက်နက်အပြည့်အစုံဖြင့် လာသည့် စစ်ကောင်စီကို မိုင်း ၂လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေး သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
“ ညောင်၀န်းရွာလူသတ်မှုကိုလာစစ်ဆေးတာ၊ သတင်းရလို့ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်တာ၊ သေတာကအတည်ပြုရတယ် နီးစပ်တဲ့အသိုင်းအဝိုင်းကပြောပြချက်အရသိရတယ်” ဟု ၎င်းကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် စစ်သားနှင့် ဒဏ်ရာရရှိသူများကို ပရိုဘောက်ကားဖြင့်တင်ဆောင်ကာ ပေါက်ခေါင်းမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
“ ဆိုင်ကယ်နဲ့လာတဲ့သူတွေက လေးယောက်ထိတာ၊ တစ်ယောက်က ပြန်ထနိုင်တယ်။ သုံးယောက်က ပြန်မထနိုင်ဘူး။ ကျတော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ရဲဘော်တစ်ဦးကပြောသည်။
အထက်ပါတိုက်ခိုက်မှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၅)တောဘုရင်အဖွဲ့နှင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၂ PDF)တပ်ရင်းတပ်ခွဲ(၃)တပ်စု(၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ရက်ကလည်း ပေါက်ခေါင်းမြို့နယ်၊ ပေါက်လံကြီးရွာအနီးရှိ စစ်ကောင်စီ၏ သစ်တောဂိတ်တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံးကာ၊ ၄ဦးဒဏ်ရာရရှိခဲ့သေးသည်။