မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အောင်ချမ်းသာကျေးရွာတွင် ညအချိန်မှ အိမ်ပြန်လာသည့် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်၊ ည ၈ နာရီခန့်တွင် အောင်ချမ်းသာကျေးရွာရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်သားများမှ ဝင်ရောက်ဖမ်းဆီးသော်လည်း၊ အိမ်ရှင်အမျိုးသားမှာ တိမ်းရှောင်နိုင်ခဲ့၍ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ထို့နောက် အပြင်မှပြန်လာသော အသက် ၂၅ နှစ်အရွယ် ကိုဝေယံသည် အဆိုပါ စစ်ကောင်စီတပ်သားများနှင့် စစ်ကားများကို တွေ့မြင်၍ နောက်သို့ပြန်ပြေးသည့်အချိန်တွင် စစ်ကောင်စီတပ်ကပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
“ အောင်ချမ်းသာရွာထဲက တိုင်ကြားချက်ကြောင့် ဝင်လာဖမ်းတာက တခြားတစ်ယောက်ပါ၊ သေဆုံးသူ အစ်ကိုက အဲ့ည ၉ နာရီလောက်က ဘေးရွာမှာ ကျူသွားထိုးပြီးအပြန် စစ်ကားတွေ့တော့ ပြန်လှည့်အထွက်မှာ လိုက်ပစ်တော့ ကျည်ထိမှန်ပြီး သေဆုံးသွားတာပါ၊ သေဆုံးသူရဲ့ ဖုန်းနဲ့ ဆိုင်ကယ်ကို ယူဆောင်သွားတယ်၊ ရွာထဲက လူတချို့ကိုလည်း စစ်ဆေးဖို့ဆိုပြီး ဖမ်းသွားတယ် “ ဟု သေဆုံးသူနှင့် နီးစပ်သည့် အမည်မဖော်လိုသူတစ်ဦးက MPA သို့ ပြောသည်။
စစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ကိုဝေယံ၏ အလောင်းအား စစ်တပ်က သိမ်းယူပြီးနောက် မြို့ပေါ်သင်္ချိုင်းတစ်ခုတွင် သင်္ဂြိုဟ်လိုက်ပြီး မိသားစုဝင်များသာ ပို့ဆောင်ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့ပြင် ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်) တွင် ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းရှိ ကျေးရွာများမှ လူငယ် ၁၀ဦးခန့်ကိုလည်း စစ်တပ်က ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ကျတော်တို့ အသိရဲ့ရွာဘက်မှာဆို ကြံ့ခိုင်ရေးပါတီဝင်တွေက လူသစ်စုတဲ့နေရာကို ပျော်ပျော်ကြီးကို လိုက်သွားကြတာ “ ဟု ပြင်ဦးလွင်မြို့ဒေသခံတစ်ဦးက ဆိုသည်။
“ လူငယ်တွေကို ပစ်မှတ်ထားပြီးတော့ ဖိနှိပ်မှုတွေ လုပ်လာတာ၊ စစ်တပ်ကို မပုန်ကန်ရဲအောင်၊ ကြောက်အောင်။ အဲ့ဒါကြောင့်မို့ လူငယ်တွေအနေနဲ့ အသွားအလာ ဆင်ခြင်ကြဖို့လိုနေပြီ” ဟု ပုသိမ်ကြီးမြို့နယ်မှ ပုဂ္ဂလိကဝန်ထမ်း အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းပြီးနောက်၊ ယခုရက်ပိုင်းအတွင်း မန္တလေး၊ မိထ္တီလာနှင့် ပြင်ဦးလွင်မြို့ရှိ လူငယ်အချို့ မကြာခဏဖမ်းဆီးခံနေရသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။