ပြည်ပသို့တင်ပို့နိုင်သည့် လမ်းကြောင်းများပိတ်နေသဖြင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကအားပြုရောင်းချနေရသဖြင့် ဈေးနှုန်းများကျဆင်းကာ ငရုတ်၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီနှင့် ကုန်စိမ်းအသီးအနှံစိုက်ပျိုးသည့် တောင်သူများအရှုံးပေါ်နေကြောင်း စုံစမ်းသိရှိရသည်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်သည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေခြင်းကြောင့် ရန်ကုန်ဈေးကွက်ကိုသာ အဓိကထားရောင်းချနေရသဖြင့် သီးနှံဈေးနှုန်းများ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။
“ပြည်တွင်းစားသုံးသူပဲအားထားပြီးရောင်းနေရတာ၊ ရန်ကုန်ပို့နေတာတောင် ပစ္စည်းတွေကပုံနေတော့၊ အခုရက်ပွဲရုံတွေက သိပ်လက်မခံချင်ကြတော့ဘူး။ နောက်ပြီး နိုင်ငံရေးအခြေအနေကြောင့် ညဈေးတွေ၊ အရုဏ်ဈေးတွေလည်းသိပ်မထွက်ရဲကြတော့ဘူး။ အဲဒါတွေကြောင့်လည်းဈေးကပိုကျလာတာဗျ”ဟု ၎င်းကရှင်းပြသည်။
ဈေးကွက်အတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ် ၁၀၀၀ ကျော်ဖြင့်သာရောင်းချနေရခြင်းကြောင့် စိုက်ပျိုးစရိတ်၊ သယ်ယူစရိတ်နှင့် သွင်းအားစုများတွက်ချက်ပါက အရှုံးပေါ်နေကြောင်း မိုးညိုမြို့နယ်အတွင်းရှိ အသက် ၅၀ အရွယ် ငရုတ်စိုက်တောင်သူတစ်ဦးက ပြောသည်။
“ခူးခတင် ၁ ပိဿာ လေးရာ၊ ငါးရာအနည်းဆုံးပေးရတာ၊ အခုရောင်းနေရတာက တစ်ထောင်၊ ထောင့်နှစ်ရာ ပဲရှိတော့ သယ်ယူစရိတ်တွေ၊ မြေဩဇာတွေ၊ ရေတင်ခတွေ၊ အလုပ်သမားခတွေနဲတွက်ကြည့် ကျွန်တော်တို့အတွက်ဘာမှမကျန်ဘူး။ ဒီဈေးအတိုင်းဆက်ရောင်းနေရင် ၁ ကျိုးကို (၁ ဧကလျှင် ၄ ကျိုးခွဲရှိသည်) ၄ သိန်း၊ ၅ သိန်း အနည်းရှုံးမှာ”ဟု ၎င်းကဆိုသည်။
ထို့အတူ အခြားကုန်စိမ်းသီးနှံများဖြစ်သည့် ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ဘူးသီးအစရှိသည့် သီးနှံများမှာလည်း ဈေးကွက်အတွင်း ဝင်ရောက်မှုများပြားကာ ဈေးနှုန်းများကျဆင်းနေကြောင်း လက်ပံတန်းမြို့နယ်အတွင်းရှိ တောင်သူအမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“ခရမ်းချဉ် ၁ ပိဿာမှ သုံးရာ၊ လေးရာတဲ့၊ ပန်းဂေါ်ဖီကလည်းအထုပ်ချောမှ ၅၀၀၊ မချောရင် သုံးရာ၊ လေးရာ ရောင်းရတယ်။ ဘူးသီးက သုံးရာလောက်ပဲရတယ်၊ ဒါတောင်ကုန်သည်တွေကို မနည်းလိုက်ရောင်းနေရတာ၊ အန်တီတော့ စိုက်ပျိုးရေးကိုလုပ်ချင်စိတ်ကိုမရှိတော့ဘူး။ အရင်းနှီးတွေကကြီး အချိန်တန်လို့ရောင်းရတော့ ဈေးကပျက်(ကျ)၊ လူပင်ပန်းပြီး အကြွေးတင်သွားတာပဲအဖတ်တင်တယ်”ဟု ၎င်းက စိတ်ပျက်စွာပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် ဒေါ်လာဂယက်ကြောင့် စက်သုံးဆီမှအစ စိုက်ပျိုးရေးသွင်းအားစုများပါ ဈေးနှုန်းများအဆမတန်မြင့်တက်ခဲ့သော်လည်း သီးနှံများပေါ်ထွက်လာချိန်တွင် ဈေးကွက်မရှိဘဲ အနိမ့်ဈေးဖြင့်သာ ရောင်းချနေရကြောင်း တောင်သူလယ်သမားများက ဆိုသည်။