ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက္ကဆားကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၅ရက်)၊ မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ကျောက္ကဆာကျေးရွာသို့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PLNO ၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက MPA ကိုပြောသည်။
“စစ်ကောင်စီရဲ့လုပ်ရပ် ပြန်ကြည့်မယ်ဆိုရင် သူကစစ်ရာဇတ်ဝတ်မှု ကျူးလွန်တယ်ပေါ့။ ပြည်သူတွေရဲ့ သွားလမ်း လာလမ်းကိုလည်း ဖျက်ဆီးတယ်။ လူ့အခွင့်အရေးပေါင်းများစွာကို ချိုးဖောက်တယ်”ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
“ရွာသားတချို့တော့ ထွက်ပြေးကုန်ကြပြီ၊ ဘယ်သူတွေကျန်လဲတော့မသိဘူး။ တချို့လည်း တောထဲရှောင်ကြတယ်။ တချို့တော့ နီးစပ်ရာ အမျိုးတွေဆီမှာပေါ့” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက္ကဆားရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောက္ကဆားကျေးရွာသည် အိမ်ခြေတစ်ထောင်ကျော်ရှိပြီး ရွာခံအချိုသည် ပိတ်မိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း စစ်ကောင်စီက ဆီဆိုင်မြို့နယ်၊ ပဆျားကလိုးကျေးရွာကို လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့သေးသည်။