စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးပျုရွာမှ ထွက်ပြေးလာသည့် ပြည်သူများနေထိုင်သည့် စစ်ရှောင်တောတိုက်(လယ်ကွင်းများ၌ တဲများဖြင့် နေထိုင်သည့်နေရာ) ကို မြင်းစီးပျုရွာမှ ပျုများက ဝင်ရောက်စီးနင်းခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ပြည်သူ၃ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၅ရက် )၊ည ၁၂နာရီခန့်တွင် ယင်းစစ်ရှောင်တောတိုက်ကို ပျုများက ဝင်ရောက်စီးနင်းကာ ပြည်သူ ၆ဦးဖမ်းဆီးခံရပြီး၊ ၎င်းတို့အနက် ၃ဦးကို သတ်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်အခြေစိုက် WAPF မှ ကိုပေဆူးက MPA ကို ပြောသည်။
“ ညနက်ကြီး တောတိုက်ကို ရုတ်တရက်ဝင်လာတာ၊ သန်းခေါင်ကြီးကိုး၊ ဖမ်းခံရတဲ့ပြည်သူ ၆ဦးက မိသားစုတွေဗျ၊ မြင်းစီးပျုရွာမှာ မနေချင်လို့ ထွက်လာပြီး စစ်ရှောင်နေကြတာပေါ့ ” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသောပြည်သူ ၆ဦးတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်း၏သားနှစ်ဦး စုစုပေါင်း ၃ဦးကို သတ်ဖြတ်ကာ ကျန်မိသားစုဝင် ၃ဦးမှာ ပျောက်ဆုံးနေကြောင်း ၎င်းကဆက်ပြောသည်။
“ အသတ်ခံရတဲ့သားအမိသုံးယောက်က အလောင်းတွေ့တယ်ဗျ၊ ကျန်တဲ့သုံးယောက်က အစအနပျောက်နေတာ၊ ပျုရွာထဲပဲ ဖမ်းခေါ်သွားတာလား သေပဲသေသွားပြီလား၊ ဘာမှတော့ အတည်မပြုနိုင်ဘူး။ ကျတော်တို့လဲ လိုက်တော့ရှာနေတာပဲ ” ဟု ၎င်းကပြောသည်။
ရွှေဘိုမြို့နယ် မြင်းစီးပျုရွာမှ ထွက်ပြေးလာသော ပြည်သူများသည် ခင်ဦးမြို့နယ်တွင် စစ်ရှောင်လာကြကြောင်း ၊ ယင်းပြည်သူများကို မြင်းစီးပျုရွာမှ ပျုများက ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း ခင်ဦးဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ ကျတော်တို့ဘက်ကို လာရှောင်နေကြတာ၊ တောတိုက်ထဲမှာ နေကြတာများတယ်။ အဲဒီတောတိုက်တွေနဲ့ မြင်းစီးနဲ့ အရမ်းတော့မနီးဘူး။ ဒါပေမဲ့ ပျုတွေဝင်လိုက်တဲ့တောတိုက်မှာက အဲဒီမိသားစုဘဲ နေတာဆိုတော့ သူတို့မိသွားတဲ့ပုံစံပါ” ဟု ၎င်းကပြောသည်။
ရွှေဘိုမြို့နယ် မြင်းစီးပျုရွာကို ယခင်က ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျုများပြန်ဝင်လာကာ ပျူရွာအဖြစ် ပတ်ဝန်းကျင်ကျေးရွာများကို ဒုက္ခပေးလျက်ရှိကြောင်း သိရသည်။