စစ်ကိုင်းတိုင်း ၊ပုလဲမြို့နယ် အတွင်းရှိ ပျူစောထီးရွာများမှ ထွက်ပြေးလွတ်မြောက်လာသော ပြည်သူမှာ ယခုနှစ်အတွင်း ၃၀ နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။
ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးရွာများဖြစ်သောဇီးဖြူကုန်းနှင့် အင်မထီးရွာတို့တွင် ရိက္ခာ ပြတ် နေပြီဖြစ်၍ နီးစပ်ရာပြည်သူများနှင့် ချိတ်ဆက်ကာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ခိုလှုံလာကြခြင်းဖြစ်ကြောင်း ပုလဲပအဖ ထံက သိရသည်။
“ ဒီ ၂၀၂၄ ခုနှစ်တင် ပြည်သူ ၃၀ နီးပါးထိ ထွက်လာခဲ့နိုင်တာပါ။ အဓိကတော့ ရိက္ခာ ပြတ်လာကြတယ်။ လုပ်ကိုင် စားသောက် လို့ မရတော့ ဘယ်နေနိုင်မလဲ။ ကျနော်တို့ကတော့ အခုလို ပျူစောထီး တွေ အောက်ကနေ ထွက်လာမယ်ဆို အမြဲ ကြို ဆို လျက်ပါ” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက် က MPA သို့ ပြောသည်။
ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ဇီးဖြူကုန်း ပျူစောထီးကျေးရွာမှနေ၍ အသက် ၅ နှစ် အောက် ကလေးငယ် ၂ ဦး၊ အသက် ၄၀ ကျော်ရှိ အမျိုးသမီး ၂ ဦး၊ ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၂၀ ကျော်ရှိ အမျိုးသမီး ၁ ဦး စုစုပေါင်း ပြည်သူ ၆ ဦး ပုလဲ ပအဖ ထံသို့ ဆက်သွယ် ခိုလှုံလာကြောင်း သိရသည်။
“ မနေ့က စုစုပေါင်း ၆ ယောက် ထွက်ပြေးလာနိုင်ခဲ့တာပါ။အခု ဒီနေ့(ဖေဖေါ်ဝါရီ၁၆ရက်)လည်း ဇီးဖြူကုန်းကနေ ထပ်ထွက် လာတယ်။ ကျနော်တို့ဆီ သွားကြိုတဲ့ သူတွေ ကတော့ သတင်းပို့ထားပြီးပြီ ။လူဦးရေ အတိအကျ တော့ မသိရသေးဘူး ပေါ့ ” ဟု ၎င်း ကဆက်လက်ပြောသည်။
ပုလဲမြို့နယ် အတွင်းရှိ ပျူစောထီး ကျေးရွာများ၌ အခြေခံ ရိက္ခာ ဆန်က လွဲ၍ ကျန်စားသောက်ကုန်များ ပြတ်နေသောကြောင့် ဆီ၊ဆားနှင့် ငပိ မပါဘဲ ချက်ပြုတ် စားသောက် နေရကြောင်း သိရသည်။
“ စစ်ကြောင်း လာပြီဆို ဆန်လေး နည်းနည်းတော့ ရကြတယ်။ ကျန်တဲ့ ရိက္ခာ မရဘူး ။ ဆား၊ငပိ၊ မရှိလို့ ဟင်းကို ဒီအတိုင်းကို စားနေရတာ။ စိုက်တာ ပျိုးတာလည်း ရွာ အစပ်က စိုက်ခင်းလေးတွေပဲ စိုက်စား ရတယ်” ဟု ဇီးဖြူကုန်း ပျူစောထီး ရွာမှ ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူ တစ်ဦးက ပြောသည်။
ဇီးဖြူးကုန်းရွာတွင် ယခင်က အိမ်ထောင်စု ၂၀၀ ကျော် ရှိပြီး ယခုအခါ အိမ်ထောင်စု ၉၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ နို၀င်ဘာလ အတွင်း လက်နက်နှင့် အလင်း ၀င်လာသော အင်မထီး ရွာမှ စစ်သား ၁ဦးနှင့်ဇီးဖြူကုန်းရွာမှ ပျူစောထီး ၁ ဦး ရှိခဲ့ကြောင်း သိရသည်။