ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ မနိုဘယ်လ်အေးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်တွင် စစ်ကောင်စီတပ်က မနိုဘယ်လ်အေးအား ဝေါတရားရုံးမှ ရုံးထုတ်ပြီး အပြန်တွင် ထွက်ပြေးဖို့ကြိုးစားသည်ဟူသော အကြောင်းပြချက်ဖြင့် သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြု ပြောကြားသည်။
“ကျတော့် အစ်မရယ်၊ အတူတူအဖမ်းခံရတဲ့ အမျိုးသားတစ်ဦးရယ်ကို ဝေါမြို့နယ် တရားရုံးမှာ ရမန်ယူတယ်။ အဲဒီကအပြန်မှာ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအရောက် လေးခွင်းကို ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တယ်။ ပြီးတော့ဝေါဆေးရုံးကို ပို့လိုက်တယ်။ အဲဒီအချက်အလက်ကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က မိသားစုထံ အတည်ပြုပေးပါတယ်။ သူတို့ ၂ ယောက်ကို လူမသိ၊ သူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုဟ်ခဲ့တယ်။ ဘယ်နေရာမှာ သင်္ဂြိုဟ်တယ်ဆိုတာကိုတော့ မသိရဘူး” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီ ၂၉ရက်တွင် မနိုဘယ်လ်အေးအား ဖမ်းဆီးရမိရာ၌ စနိုက်ပါ တစ်လက်၊ အမ် (၁၆) သေနတ်တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်အိမ် ၅ ခု၊ ကျည် ၂၉၀၀ တောင့်၊ ယမ်းပျော့ ၆ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိသည်ဟု စစ်ကော်စီတပ်၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသည်။
” အာဏာသိမ်းပြီး နောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ ဖိနှိပ်မှုတွေတင်မကဘူး။ တစ်ဖက်မှာဆို ဒီလိုမျိုး သတ်ဖြတ်မှုတွေလည်း ရှိနေတယ်။ အခုနောက်ပိုင်းမှာဆို ပေါ်ပေါ်ထင်ထင်နဲ့ကို ကျူးလွန်နေကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း ဒီလိုမျိုး သတ်ဖြတ်ခံနေရတဲ့သူတွေအတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့လိုအပ်ပါတယ် “ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ယခုကဲ့သို့ အကျဉ်းသားများကို နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်နေသည့်အထဲ၌ ပါဝင်ပတ်သက်နေသူများကို အမျိုးသားညီညတ်ရေးအစိုးရအနေဖြင့် ဖမ်းဆီးပြီး ထိရောက်သည့် ပြစ်ဒဏ်ပေးမှသာလျှင် ရပ်တန့်သွားမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
မနိုဘယ်လ်အေးသည် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးပြီး ၂၀၀၇ ခုနှစ် လောင်စာဆီကိစ္စတွင်လည်း ထပ်မံဖမ်းခံခဲ့ရသူဖြစ်ကာ Covid19 ကာလအတွင်းတွင် လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။