မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဒင်္ဂါးကျွန်းပေါ်ရှိ ပြည်သူနေအိမ်များကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) နံနက် ၈နာရီ မိနစ်၂၀ခန့်က အင်အား ၁၀၀ဝန်းကျင်ပါ စစ်ကြောင်းသည် ဒေါင်းကျွန်းရွာတောင်ဘက် ဒင်္ဂါးကျွန်းပေါ်ရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတ္တရာမြို့နယ်၊ တိုက်နယ် ၆ ရပ်ကျေးပကဖတာဝန်ခံကပြောသည်။
ယင်းစစ်ကြောင်းသည် မန္တလေးဂေါဝိန်ဆိပ်မှ သံခွန် စက်လှေ ၂စီးဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာပြီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးပျူစောထီးကျေးရွာမှ စစ်အုပ်စုဝင်များနှင့်ပေါင်းကာ ဒင်္ဂါးကျွန်းပေါ်သို့ ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ ပစ်ဝင်တာလို့တော့ပြောတာပဲ။ အဲ့ကပြည်သူတွေ လှမ်းပြောနေတာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၄ဖွဲ့ခွဲကာဒင်္ဂါးကျွန်းပေါ်ရှိ နေအိမ်များကို အကြောင်းမဲ့မီးရှို့ခြင်း ဖြစ်ကြောင်း Wetlet information network အဖွဲ့ တာဝန်ခံကပြောသည်။
“ စုပေါင်းကျွန်းရွာကို စဝင်တာ။ တိုက်ပွဲမဖြစ်ဘဲ ဒီအတိုင်းရှို့တာ။ အိမ်အသစ်လေးတွေ ဆောက်ထားတာမှမကြာသေးဘူး ၊ ရှို့တာ။ ၄နေရာခွဲရှို့တာ။ အင်အားကတော့ တော်တော်များတယ်” ဟု ၎င်းကပြောသည်။
ယင်းသို့စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒင်္ဂါးကျွန်းအပါအဝင် ကျေးရွာ ၅ရွာမှ ဒေသခံများ စစ်ကြောင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
“ ပြည်သူတွေကတော့ သူတို့အချင်းအချင်း ကူညီစောက်ရှောက်ပေးနေကြပါတယ်” ဟု မတ္တရာမြို့နယ်၊ တိုက်နယ် ၆ ရပ်ကျေးပကဖတာဝန်ခံကပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့ ၊မွန်းလွဲ ၁၂နာရီခွဲခန့်အထိ ဒင်္ဂါးကျွန်းပေါ်တွင်သာရှိနေသေးသဖြင့် ပျက်စီးဆုံးရှုံးမှုကို မသိရသေးကြောင်း Wetlet information network အဖွဲ့ တာဝန်ခံကပြောသည်။
ဒင်္ဂါးကျွန်းသည် ဧရာဝတီမြစ်လယ်တွင် တည်ရှိသော ရေပေါ်ကျွန်းစုရွာကလေးဖြစ်သည်။