တောင်ပိုင်း ညီအစ်ကိုများနှင့် စစ်ရေးဖော်ဆောင်ရန် အသင့်ဖြစ်နေပြီဟုရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင် ကပြောသည်။
ဖေဖော်ဝါရီ ၁၃ရက်နေ့က မြဝတီမြို့တွင် တောင်ပိုင်းတော်လှန်ရေး အင်အားစုများဖြစ်သည့် ကော်ဘရာ စစ်ဆင်ရေးမှူး ဗိုလ်တာဘော၊ Lion Battalion စစ်ကြောင်းမှူး ဗိုလ်အယ်စေးဝါး၊ SOF တပ်ဖွဲ့မှူး ကိုအောင်စံရှား၊ ရေးဘီလူးခေါင်းဆောင် ကိုကြက်၊ ဒေါနစစ်ကြောင်းမှူး ကိုဘိတ် တို့နှင့် တော်လှန်ရေးအင်အားစုများတွေ့ဆုံခဲ့ပြီးနောက် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ တောင်ပိုင်းတိုင်းကာကွယ်ရေးဝန်ကြီးရဲ့အောက်က ရဲဘော်တွေဖြစ်ကြတယ်။ ရဲဘော်တွေဖြစ်ကြ တဲ့အတွက် ကျွန်တော်တို့တွေကတော့ လုံးဝမဟာမိတ်ညီအစ်ကိုမောင်နှမတွေပေါ့နော်။ သူဘက်က စစ်ရေးလိုအပ်ရင်လည်း ကျွန်တော်တို့ဘက်က အချိန်မရွေးပါဝင်နိုင်သလို ကျွန်တော်တို့ဘက် စစ်ရေး လိုအပ်ရင်လည်း သူတို့ပါဝင်ပေးဖို့ရှိတယ်။အခုက မြေပြင်အခြေအနေတွေ့ဆုံဆွေးနွေးတိုင်ပင်တယ်။ စစ်ရေးတွေဖလှယ်တယ်။စစ်ရေးဖော်ဆောင်မှုကိုလည်းတိုင်ပင်တယ်” ဟု ၎င်းက ပြောသည်။
ယင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံက တော်လှန်ရေးကာလ ၃ နှစ်ပြည့်ပြီးနောက် တော်လှန်ရေးရဲဘော်ရဲဘက် သူငယ်ချင်းများ ပြန်လည်ဆုံစည်းခြင်းသာဖြစ်ကြောင်း MPAသို့ပြောသည်။
“ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။ကရင်ပြည်နယ်ဖြစ်တဲ့အတွက် KNUက စစ်သားတွေ တွေ့ဆုံတယ်လို့ပဲ သတ်မှတ်လို့ရပါတယ်။လောလောဆယ်ကတော့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ပြောဖို့မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
တောင်ပိုင်းတိုင်းအနေဖြင့် တော်လှန်ရေးလှုပ်ရှားမှုများကို မည်သည့်နေ့တွင်အကောင်အထည်ဖော်မည်ဟု သေချာမပြောနိုင်သော်လည်း ကြုံသလို တိုက်စစ်ဆင်သွားမည်ဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင် က ပြောသည်။
“ တော်လှန်ရေးပြီးသည်အထိ ကျွန်တော်တို့တတွေကတာဝန်ထမ်းဆောင်မယ်။ကိုယ်နိုင်တဲ့ဘက်က ထိုးစစ်ဆင်ဖို့ ကျွန်တော်တို့ကခံစစ်မကစားဘူးပေါ့။ထိုးစစ်ဆင်မယ်။ ရန်သူ့ကိုထိထိရောက်ရောက် တော်လှန်မယ်။လတွေတိုင်းမှာကျွန်တော်တို့ရှိတယ်။လတွေတိုင်း နေ့တွေတိုင်း ရက်တွေတိုင်းလှုပ် ရှားနေတယ်။ကျွန်တော်တို့က ဘယ်နေ့မှာ အကောင်အထည်ဖော်မှာတော့မဟုတ်ဘူး။စစ်ရေးကို လစ်ရင်လစ်တဲ့နေရာမှာချမယ်။ကျွန်တော်တို့က ပြင်ဆင်ပြီးသား” ဟု ၎င်းက ပြောသည်။
တောင်ပိုင်းတိုင်း တော်လှန်ရေးအင်အားစုများ အားလုံး စုစည်းမိသည့် အချိန်တွင် စစ်ရေးအောင်မြင်မှုများ ရလာမည်ဟု တောင်ပိုင်းတိုင်း တော်လှန်ရေးရဲဘော်အချို့က ပြောဆို နေကြသည်။