မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် လူငယ် ၂၀နီးပါးအား စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ရက်က မိုးကုတ်မြို့အရှေ့ပိုင်း၌ လမ်းသွားလမ်းလာ လူငယ် ၅ဦးကို စစ်ကောင်စီက စစ်ဆေးပြီးနောက် ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။
“တွေ့ရင်တွေ့သလို စစ်ဆေးပြီး ဖမ်းသွားတယ်။ ညညဆိုရင် သူတို့(စစ်ကောင်စီ)က ပေါ်တာဆွဲလုပ်နေတယ် ”ဟု ၎င်း ကပြောသည်။
ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် မိုးကုတ်မြို့တွင် ယခုကဲ့သို့ လူငယ်များ ဖမ်းဆီးခံရမှုများပြားလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ဖမ်းဆီးခံရသည့် လူငယ်အများစုသည် အသက် ၁၈နှစ်မှ ၂၅နှစ်အရွယ်များဖြစ်ကြောင်း၊ ထိုကဲ့သို့ စစ်ကောင်စီက လူငယ်များကို ဖမ်းဆီးနေခြင်းကြောင့် လူငယ်အများစုသည် ရန်ကုနှင့် မန္တလေးမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ဒေသခံများက ဆိုသည်။
“အရှေ့ပိုင်းမှာတော့ ထွက်ပြေးကြတယ်လို့ ပြောတယ်။ လမ်းမှာလည်း သွားသွားလာလာလုပ်တဲ့သူ သိပ်မရှိဘူး”ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် မိုးကုတ်မြို့ရှိ လယ်ဦးရပ်ကွက်၊ ရွှံ့ပန်းရပ်ကွက်နှင့် ရွှေဘုံသာရပ်ကွက်များသို့ စစ်ကောင်စီ စစ်ဆေးမည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိနေသည်။