မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီက အောက်တောင်ကိုင်းရွာသားနှစ်ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ပြီးနောက် ဆောက်ခြုံပေါက်ရွာနှင့် ဟင်္သာကုန်းရွာကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၅ရက် )၊ မနက် ၅နာရီခန့်က မတ္တရာမြို့မှ စစ်ကား၄စီးဖြင့်ထွက်လာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် အောက်တောင်ကိုင်းရွာကို ဝင်ရောက်ကာ အမျိုးသား ၂ဦးကို သတ်ဖြတ်သွားကြောင်း အမည်မဖော်လိုသော ရွာသားတစ်ဦးက MPA ကိုပြောသည်။
“ မနက်အစောကြီးဝင်လာတာဗျ၊ သိသိချင်းတော့ အချင်းချင်း လှမ်းပြောလိုက်သေးတယ်။ သတ်ခံရတဲ့နှစ်ယောက်ထဲက တစ်ယောက်က ကျတော်တို့ရွာသား၊ အောက်တောင်ကိုင်းမှာ အိမ်ထောင်ကျပြီး အဲဒီရွာမှာနေနေတာ၊ အခုလဲရှောင်လာပြီဆိုပြီး ပြန်ဝင်သွားတာထင်တယ်။ အဲဒီမှာ အသတ်ခံရတာ “ ဟု ၎င်းကပြောသည်။
ထို့ပြင် အသတ်ခံရသည့် အောက်တောင်ကိုင်းရွာသားနှစ်ဦး၏ အလောင်းများကို ပြန်ရရှိခြင်းမရှိသေးကြောင်း၊ ပြည်သူနှစ်ဦးကို သတ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် စစ်ကြောင်းခွဲကာ ဆောက်ခြုံပေါက်ကျေးရွာကို မနက် ၆နာရီ ခန့်တွင် မီးရှို့ခဲ့သည်ဟု မတ္တရာတိုက်နယ် ၆ ရပ်ကျေး ပကဖ တာဝန်ခံကပြောသည်။
“ အောက်တောင်ကိုင်းမှာ နောက်ချန်အင်အားထားပြီး ဆောက်ခြုံပေါက်ကို ဝင်ပြီး မီးရှို့တာ၊ လူနေအိမ်ခြေ ဘယ်လောက်ပျက်စီးလဲ ဆိုတာတော့ နယ်မြေရှင်းလင်းရေးမဝင်ရသေးလို့ မသိဘူးဗျ” ဟု ၎င်းကပြောသည်။
ဆောက်ခြုံပေါက်ရွာကို မီးရှို့ပြီးချိန်တွင် ယင်းစစ်ကြောင်းကို ရွှေချောင်းကျေးရွာရှိ စစ်တပ်အထိုင်စခန်းမှ အင်အား ၃၀ ခန့်က လာရောက်ပူးပေါင်းပြီး စုစုပေါင်း အင်အား ၉၀ ခန့်ဖြင့် ဟင်္သာကုန်းရွာအား မီးရှို့ခဲ့ကြောင်း ကဖ တာဝန်ခံက ဆက်ရှင်းပြသည်။
“ ဟင်္သာကုန်းက လောလောဆယ် ၇အိမ် ပြာကျတယ်။ အတွင်းပစ္စည်းတွေပါ ဘာမှမရတာ၊ ရွာထဲမှာ စစ်ရှောင်တွေစုဖွက်ထားတဲ့ ဆိုင်ကယ်တွေကအစ အကုန်မီးလောင်တာ၊ လောလောဆယ် ၄စီးပေါ့၊ ရှင်းလင်းရေးဝင်တုန်းမို့ အတိအကျမသိရသေးဘူးဗျ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၂ရက်ကလည်း စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် အရှေ့ခြမ်း၊ ဆိပ်သာကျေးရွာနှင့် အင်းကုန်းကျေးရွာနေ အမျိုးသား၂ဦးကို သတ်ဖြတ်ခဲ့သေးသည်။