မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေါနစစ်ကြောင်း၏ စစ်ဆင်ရေးမှူးကိုရန်နိုင်က ပြောသည်။
စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် လက်နက်ကြီး ၁၅ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါလက်နက်ကြီးကျည်များသည် ရေးမြို့နယ်၊ ဝဲပေါင်ကျေးရွာနှင့် ကျုံလောင်းကျေးရွာကြားသို့ ကျရောက်ပေါက်ကွဲကာ ပြည်သူများနှင့် လူနေအိမ်များထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ အဓိကကတော့ ကျုံလောင်းရွာဟောင်းရယ် အဲ့ဒီရွာပတ်ဝန်းကျင်အခြမ်းတွေရယ်ကို သူတို့ (စကစ) ဘက်က ပစ်တာပါ။ ပစ်ခတ်မှုကြောင့် ပြည်သူလူထုထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုတွေရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ၉ ဦးမှာ ၂ ဦးက နည်းနည်းပြင်းထန်တယ်ပေါ့နော်” ဟု ဒေါနစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ကိုရန်နိုင်ကဆိုသည်။
စစ်ကောင်စီအမြောက်တပ် ၃၁၆ တပ်နှင့် စကခ ၁၉ လက်အောက်ခံ ခလရ ၆၁ တပ်များက လက်နက်ကြီးဖြင့် အဆိုပါ ကျေးရွာများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့နောက် ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၂ ရက်တွင် ရေးတံတာကြီးအနီး၊ အောင်ဘုတ်ရွာထိပ်၊ ဆီဆိုင်နောက်ကျောတွင် စစ်ကောင်စီတပ်များ အင်အား ၆၀ ခန့်ဖြင့် လာရောက်တပ်စွဲသည်ဟု သတင်းကြားသိရသဖြင့် Fixed Wings Drone ဖြင့် သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဒေါနစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ကိုရန်နိုင်က ဆိုသည်။
“ အဲ့ဒီနေ့က ကျွန်တော်တို့ ဗုံးသီးချတော့ ထိခိုက်မှုရှိတယ်ဆိုတာတော့ ကြားသိထားရတယ်။ လူနာတင်ကား ၂ စီးနဲ့ လူနာတွေကို လာထုတ်သွားတယ်ဆိုပြီးလည်း ပြောကြတယ်။ လောလောဆယ်အထိတော့ အတည်ပြုလို့ မရသေးဘူး” ဟု ဒေါနစစ်ကြောင်း၏ ရဲဘော်တစ်ဦးကဆိုသည်။
အဆိုပါ ဗုံးသီးချတိုက်ခိုက်မှုကို ဒေါနစစ်ကြောင်းတပ်ခွဲများဖြစ်သည့် ရေးပြောက်ကျားတပ်ခွဲ ဒေါနတပ်ခွဲ(၃)၊ ဝေဟင် ဒေါနတပ်ခွဲ(၆)၊ ကံပေါက်တပ်ခွဲ ဒေါနတပ်ခွဲ(၄)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ဒေါနတပ်ခွဲ(၅)၊ ရေးသိမ်းငှက်၊ YDF၊ ပူးပေါင်းမဟာမိတ် YAF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDF တပ်ရင်း(၁)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီရေးမြို့အခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ရေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ထိခိုက်၊သေဆုံးမှုများ ကြုံတွေ့နေရပြီး လူနေအိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်း မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။