မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် ပျူစောထီးစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၆ ဦးထက်မနည်းသေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဂန့်ဂေါမြို့နယ်၊မြောက်ခင်ရန်းပျူစောထီးကျေးရွာမှ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် ပျူစောထီးများကို သင်တောရွာနှင့်ရွှေဘိုရွာကြားရှိ ဘုရားကုန်း၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း၊အမှတ် ၁ စစ်ဒေသ ထံက သိရသည်။
“သင်တောရွာအရှေ့မြောက်ဘက်က စစ်ကြောင်းထိုးလာတဲ့ပျူတွေကို ဘုရားကုန်းမှာ စောင့်ကြိုတိုက်ခိုက်တာ။သူတို့က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ပစ်တာ ကျနော်တို့ ရဲဘော်တွေက ကျည်ကလည်းမလောက် အင်အားကလည်းနည်းတော့ ပြန်နောက်ဆုတ်လိုက်ရတယ်။ခဏပဲကြာတယ်၊ ကျနော်တို့ပြန်တိုက်တာ။ပျူ ၆ ကောင်လောက်တော့ မျက်မြင်သေတယ်။အတိအကျမပြောနိုင်လို့သာ အဲ့ထက်မကတော့သေတယ်”ဟု ဟု ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း၊အမှတ် ၁ စစ်ဒေသ မှ စခန်းမှူး ကပြောသည်။
ယင်းပျူစောထီးစစ်ကြောင်းသည် သင်တောရွာ နှင့် ရွှေဘိုကျေးရွာက နေအိမ် အချို့ကို မီးရှို့ဖျက်ဆီးခြင်းနှင့်ကျေးရွာအတွင်းရှိနေအိမ်များမှ ပစ္စည်းများကိုလုယက်ကာ ပြည်သူ ၁၀ ဦးကိုသတ်ဖြတ်ခြင်းအပြင် အမျိုးသမီး ၁၀ ဦး၊ကလေး ၂ ဦးနှင့် အမျိုးသား ၅ ဦးတို့ကိုလည်း ဖမ်းဆီးသွားကြောင်းသိရသည်။
“ပျူတွေက လက်နက်အပြည့်အစုံနဲ့ဗျ။ G-3တွေ တချို့တွေက ယူနီဖောင်းတွေနဲ့ အမျိုးသမီးတွေ ကလေး(၁၆နှစ်အရွယ်)တွေပါ ပါတယ်။အင်အား ၂၀၀လောက် ရင်ဘောင်တန်းပြီးတော့ကို တက်လာတာ”ဟု တိုက်ပွဲဝင် ရဲဘော် တစ်ဦး ကပြောသည်။
အဆိုပါပျူစောထီးစစ်ကြောင်းကို ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း၊အမှတ် ၁ စစ်ဒေသ၊ဂန့်ဂေါခရိုင်တပ်ရင်း-၁၂၊၁၄၊CDF(KKG)နှင့်ဂန့်ဂေါမြို့နယ်(ပကဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပျူစောထီးများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။