စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်သို့ စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စျေးဆိုင်တစ်ခုမီးလောင်ကာ ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ ( ဖေဖော်ဝါရီ ၁၄ ရက် )၊ ညနေ ၄နာရီ ၃မိနစ်က တံတားဦး လေတပ်မှ တက်လာသော စစ်တိုက်လေယာဥ်တစ်စင်းသည် ကျွန်းလှမြို့နယ်၊ မော်တုံကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ကန့်ဘလူခရိုင်တာဝန်ခံက MPA ကိုပြောသည်။
“ အကြောင်းမဲ့ပစ်တာပါ၊ တိုက်လေယာဉ်နဲ့ ဗုံးသီး၉လုံးကြဲသွားတာ၊ မော်တုံရွာ အနောက်ဘက် ဈေးဆိုင်ပေါ်ကျပြီး ဆိုင်မီးလောင်တယ်။ ဆိုင်ပိုင်ရှင်အမျိုးသမီးလဲ မီးလောင်သေသွားတယ်ဗျ ” ဟု ၎င်းကပြောသည်။
စျေးဆိုင်ပိုင်ရှင် အမျိုးသမီး မီးလောင်သေဆုံးခဲ့သည့်အပြင် ဈေးဆိုင်ထဲရှိ အခြားအမျိုးသမီး ၂ဦး ဒဏ်ရာ ( မစိုးရိမ်ရ ) ရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၄ရက် ညနေ၅နာရီ ၅၃မိနစ်တွင်လည်း ဝေသော်ရွာနှင့် ပေပင်ချောင်ကျေးရွာဆက်သွယ်ရေးလမ်းမကြီး ( ဒေသအခေါ် ကံကြီးကွင်း ) အနီးတဝိုက်ကိုလည်း လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ကန့်ဘလူခရိုင်တာဝန်ခံက ဆက်လက်ရှင်းပြသည်။
“ ဗုံးသီးပဲကြဲတာဗျ၊ လမ်းပေါ်သွားနေတဲ့ ကားပေါ်ကျပြီး ကားလည်း မီးလောင်သွားတယ်။ ကားဒရိုင်ဘာလည်း ဒဏ်ရာရတယ်ဗျ၊ မစိုးရိမ်ရဘူးလို့ သိရတယ် ” ဟု ကန့်ဘလူခရိုင်တာဝန်ခံကပြောသည်။
စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင်ရာရွာများ၊ သာသနိကအဆောက်အအုံများ၊ စစ်ရှောင်စခန်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကိုအဓိကပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း အမည်မဖော်လိုသည့် ကန့်ဘလူမြို့ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ ကတုတ်ကျင်းတူးဖို့ ၊ ဗုံးခိုကျင်းတူးဖို့ဆိုပြီး တာဝန်ရှိသူတွေပေါ့လေ ၊ ပကဖ ပအဖတို့က သတိပေးထားတာမျိုးတော့ ရှိပါတယ်။ ကျန်တာတော့ ထွေထွေထူးထူးဘာမှ မလုပ်ပေးဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သည် ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက်နယ်အတွင်းရှိ ကျေးရွာ (၆) ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ နေအိမ် (၅) လုံး ပျက်စီးကာ ဒေသခံပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။