ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရွှေပေါက်ပင်ကျေးရွာက ပျူစောထီးခေါင်းဆောင် မောင်အိဆိုသူကို တော်လှန်ရေးရဲဘော်များက ပစ်ခတ်ရှင်းလင်းရာမှ အနီးတွင်ရှိနေသည့် ပြည်သူတစ်ဦးပါ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
သက္ကလ – သရက်ကုန်းချောင်းရိုးတလျှောက်ရှိ ဝက်တဲကွေ့နှင့် ပျော်ဘွယ်ကျေးရွာအကြားတွင် ဂွန်ဒေါင်းပေါ် လိုက်ပါစီးနင်းလာသော ပျူစောထီးခေါင်းဆောင်မောင်အိကို ဖေဖေါ်ဝါရီလ ၁၂ ရက်၊ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ကျွန်တော်တို့ရဲဘော်တွေကဆိုင်ကယ်နဲ့လိုက်ပစ်တာ၊ လူရှင်းနေတော့ ဂွန်ဒေါင်းကအရှိန်နဲ့မောင်းနေတာ၊ ဂွန်ဒေါင်းကလည်းအစတော့ရပ်မပေးဘူးနောက်မှရပ်သွားတာ၊ အပေါ်မှာက မောင်အိရယ် အဲဒီရွာကအရပ်သားကိုအောင်သူ ပါလာတာ။ မောင်းတဲ့သူရောဆို ၃ယောက်ပေါ့။ မောင်အိက ခုန်ချသွားလို့ ကျွန်တော်တို့လိုက်ပစ်တော့ အဲဒီနေရာမှာတင်သေသွားတယ်၊ ဂွန်းဒေါင်းသမားရော ဘေးကပြည်သူကိုရော ကျွန်တော်တို့မေးတယ်၊ ထိသွားသေးလား ဒဏ်ရာရသွားသေးလားဆိုတော့မထိဘူးဘာမှမဖြစ်ဘူးဆိုတာနဲ့ ကျွန်တော်တို့ပြန်ဆုတ်လာတာ”ဟု ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကရှင်းပြသည်။
ရဲဘော်များ စခန်းပြန်ရောက်ချိန်တွင် ဂွန်ဒေါင်းပေါ်လိုက်ပါလာသည့် ဒေသခံပြည်သူကိုအောင်သူမှာ ကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးရုံသို့ပို့ချိန် လမ်းတွင်သေဆုံးသွားသည့် သတင်းကြားရသဖြင့် အလွန်စိတ်မကောင်းဖြစ်ရကြောင်း ၎င်းကဆက်လက်ပြောသည်။
“ကျွန်တော်တို့မိသားစုနဲ့ ထပ်တူထပ်မျှကြေကွဲရတယ်၊ ဒီစစ်ကောင်စီဒေါက်တိုင်တွေနဲ့ပြည်သူတွေနီးနီးကပ်ကပ်မနေထိုင်ဖို့ ကျွန်တော်တို့အကြိမ်ကြိမ်သတိပေးခဲ့တယ်ဆိုပေမယ့်လည်း အရပ်သားပြည်သူတစ်ယောက်သေဆုံးခဲ့တဲ့အတွက်မိသားစုကိုလည်း လေးလေးနက်နက်ဝန်ချတောင်းပန်အပ်ပါတယ်။ ပြီးတော့ကျွန်တော်တို့အနေနဲ့ဘယ်လိုမှရှောင်လွှဲလို့မရတဲ့အနေထားမျိုးမှာ မတော်တဆထိခိုက်ခဲ့ရတယ်၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မှာတာဝန်ရှိတယ်၊ ဒါကြောင့်ကျွန်တော်တို့ ဘယ်ကာလမှာမဆို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဥပဒေအဆုံးအဖြတ်တိုင်း လိုက်နာခံယူသွားမှာပါ။ ဘာလို့လည်းဆို ကျွန်တော်တို့က ပြည်သူကိုကာကွယ်ရမယ့်အဖွဲ့အစည်းဖြစ်တာကြောင့်ပါ”ဟု ၎င်းက ဆိုသည်။
ကျည်ထိမှန်သေဆုံးသွားခဲ့သည့် ဒေသခံပြည်သူ ကိုအောင်သူတွင် အသက် ၅ နှစ်အောက် ကလေးငယ်နှစ်ဦးကျန်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များ လာရောက်ကာ ရွှေပေါက်ပင်ကျေးရွာရှိ ပြည်သူများကို ဖမ်းဆီးသွားကြောင်း အသက် ၅၀ အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အန်တီတို့ရွာရော အနားကရွာတွေရော ရှာဖွေရေးတွေဝင်လုပ်တယ်၊ အန်တီသိတာတင် ဂွန်ဒေါင်းမောင်းတဲ့သူရော၊ ရွာထဲက ကောင်လေးနှစ်ယောက်ပါသွားတယ်၊ သက္ကလရဲစခန်းခေါ်သွားတယ်ကြားတယ်၊ ပြန်တော့လွတ်မလာသေးဘူး။ နောက်ဆက်တွဲအခြေအနေလဲ မကြားသေးဘူး”ဟု ၎င်းအမျိုးသမီးကဆိုသည်။
ယခုသေဆုံးသွားသောပျူစောထီးခေါင်းဆောင်မောင်အိဆိုသူသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာငြိမ်းချမ်းစွာ ဆန္ဒပြနေသော ပြည်သူများကို မဟုတ်မမှန်စွပ်စွဲ၍ ဖမ်းဆီးစေခိုင်းခဲ့ခြင်း၊ CDM ဝန်ထမ်းများကို ခြိမ်းခြောက်ငွေညှစ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရခြင်း၊ ၎င်း၏သတင်းပေးမှုကြောင့် တော်လှန်ရေးရဲဘော်များ၏စခန်း စီးနင်းဝင်ရောက်ခံခဲ့ရကာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းခံခဲ့ရပြီး ရဲဘော်များ ဖမ်းဆီးခံခဲ့ရခြင်းများကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ၎င်း၏ မဟုတ်မမှန် သတင်းပေးတိုင်ကြားမှုကြောင့် အပြစ်မဲ့ပြည်သူများဖမ်းဆီးခံရပြီး မသေရုံ ညှင်းပန်းနှိပ်စက်ခံရကာ နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရခြင်း၊ အရပ်သားမိသားစု ၄ စုခန့် နေအိမ်နှင့် ပစ္စည်းများ ချိတ်ပိတ်သိမ်းဆည်းခံရပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းစသဖြင့် စစ်ကောင်စီ၏ အကြီးစားထောက်တိုင်ဖြစ်နေခြင်းကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်တွင်ထည့်သွင်းဖော်ပြထားသည်။
စစ်ရေးအရှိန်မြှင့်တင်ဆောင်ရွက်တော့မည်ဖြစ်သောကြောင့် ကဝမြို့နယ်ကအတွင်းက ပြည်သူများအနေဖြင့်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ စစ်ဆေးရေးဂိတ်၊ လုံခြုံရေးဂိတ်၊ ရဲစခန်း၊ တပ်စခန်း၊ စခန်းချနေရာများ၊ စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်းများနှင့် နီးနီးကပ်ကပ်နေထိုင်သွားလာခြင်းမျိုး လုံးဝ(လုံးဝ) မပြုလုပ်ဘဲ အထူးသတိပြု လိုက်နာပေးကြပါရန် တော်လှန်ရေးရဲဘော်များကလေးလေးနက်နက်တောင်းဆိုထားသည်။