ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ ပဆျားကလိုးကျေးရွာသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ဦးသေဆုံးပြီး၊ ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PNLA က ယမန်နေ့(ဖေဖော်ဝါရီ) ၁၄ရက်တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့၊ မနက် ၁၀နာရီ မိနစ် ၃၀တွင် ပဆျားကလိုးကျေးရွာသို့ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံး ၅ကြိမ်ကြဲချခဲ့ခြင်းဖြစ်သည်။
“အိမ်ကော၊ လူကော ထိသွားတယ်။ ၂ ယောက်ကတော့ ပွဲချင်းပြီးလို့ဝောာ့ပြောတယ်။ အခြေအနေဆိုးလာမယ့်သဘောရှိတယ်။ ဘယ်နှစ်အိမ်ထိလည်းတော့ မေးထားတုန်းဘဲ၊ ဖုန်းလိုင်းလည်းမရတော့။ အဆင်ပြေဘူး”ဟု မြို့ခံအမျိုးသားတစ်ဦးက MPA ကို ပြောသည်။
ပဆျားကလိုးကျေးရွာသည် ဆီဆိုင်မြို့နှင့် မိုင် ၄၀ကျော်ကွာဝေးပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် ကြား၌တည်ရှိသော ကျေးရွာတစ်ခုလည်းဖြစ်သည်။
“ဗုံးကြဲတယ်လို့ ပြောကြတယ်။ အသေးအစိတ်ကိုတော့ မသိဘူးရှင့်၊ ဆီဆိုင်မှာ ဖုန်းလိုင်းသိပ်မရတော့ ဆက်သွယ်လို့မရဘူး”ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဆီဆိုင်မြို့တစ်ခုလုံးကို PNLA ကထိန်းချုပ်ထားသော်လည်း မြို့အနီးအနား ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများပြင်း ထန်နေပြီး ဒေသခံအချို့လည်း ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိ ဆီဆိုင်မြို့အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းရန်ကို ဆက်သွယ်သော်လည်း ဆယ်သွယ်၍ မရသေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်မှစတင်ကာ ဆီဆိုင်မြို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့ခံစစ်ရှောင်နှင့်ကရင်နီ(ကယား)ပြည်က စစ်ဘေးရှောင်များအပါအဝင် ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သိန်းကျော်အထိရှိနေ ကြောင်းလည်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၁၄ရက်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာသို့ စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၅လုံးပျက်စီးခဲ့သေးသည်။