ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူပြီးနောက် ဖမ်းဆီးနှိပ်စက်ခံရသူ ၁၀ ဦးအထိ ရှိလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မိုးမိတ်မြို့ကို ယခုနှစ် ဇန်နဝါရီ ၂၅ရက်တွင် KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ဇန်နဝါရီ ၂၉ ရက်တွင် စစ်ကောင်စီက ပြန်လည် သိမ်းယူခဲ့ခြင်းလည်းဖြစ်သည်။
“အချို့က ပစ္စည်း ပြန်ယူလို့ ဖမ်းဆီးရိုက်နှက်ခံရတာ၊ အချို့ကလမ်းမှာ တစ်ယောက်နဲ့ တစ်ယောက်စကားပြောတာကို တွေ့တာနဲ့ ဖမ်းဆီးပြီး ရိုက်တာ၊ ပြီးတော့ ကြိုးနဲ့ချည်ပြီး သေနတ်နဲ့ အရိုက်ခံရတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီသည် မိုးမိတ်မြို့ကို သိမ်းယူပြီးနောက် လက်ရှိအချိန်ထိ လက်ခုပ်တန်းရပ်ကွက်ရှိ နေအိမ် ၂၅လုံးကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ယခုလ ပထမပတ်အတွင်း နေအိမ်ရှိ ပစ္စည်းများလာယူသည့် မိုးမိတ်မြို့ဒေသခံ ၂ဦးနှင့် နေအိမ်အားစောင့်နေသည့် ဒေသခံတစ်ဦး အချင်းချင်း စကားပြောနေသည်ကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရ သူတစ်ဦးက ပြောသည်။
“တော်လှန်ရေးတပ်ဖွဲ့ ဘက်ကလည်း ဘာမှလည်း မပြောဘူး။ ဒီတိုင်းပဲထားတော့မှာလား၊ လူထုတွေတော့ အတော်လေး ဒုက္ခရောက်နေပြီ၊ မြို့လည် ပျက်နေပါပြီဗျ၊ ဘာဆက်လုပ်ကြမှာလဲ၊ မျှော်လင့်ချက်မဲ့ရတော့မှာလား”ဟု ၎င်းက ပြောသည်။
ထို့ပြင် မိုးမိတ်မြို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများသည် တစ်သောင်းကျော်အထိရှိပြီး တစ်လခန့်ကြာမြင့်နေမှုကြောင့် ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိ ကြောင်း သိရသည်။
ယင်းအပြင် စစ်ကောင်စီက ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုအပြင် သတ်ဖြတ်မှုများပါရှိပြီး၊ ဒေသခံ ၄ဦးထက်မနည်း သေဆုံးခဲ့ကြောင်းလည်း ဒေသခံများက MPA သို့ပြောသည်။
မိုးမိတ်မြို့အား သိမ်းပိုက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူအား ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားချင်းမရှိပေ။
မိုးမိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီ မိုးမိတ်မြို့မစျေးအား မီးရှို့မှုကြောင့် ဆိုင်ခန်းပေါင်း ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး၊ နေအိမ် ၅၀ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။