PDFတို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် ချောင်းဦးမြို့နယ်၊ငါးယှန်ရွာကို စစ်တပ်က ဝင်မီးရှို့ သွားကြောင်းသိရသည်။
ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့ပေါ်မှ ထွက်ခွာလာသော စစ်သား ၄၀ ခန့်တို့ကို ငါးယှန်ရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ပြီးနောက် နံနက် ၁၁နာရီခန့်၌ ငါးယှန်ရွာအား စစ်တပ်က ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူအချို့ထံသိရသည်။
” အဲ့နေရာက စစ်တပ်ကစိုးမိုးလိုက်၊ ကာကွယ်ရေးတပ်ဖွဲ့က စိုးမိုးလိုက်နဲ့ဖြစ်နေတဲ့နေရာ။ မြို့နဲ့လည်း သိပ်မဝေးဘူးလေ”ဟု ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထိတွေ့တိုက်ပွဲမှာ မိနစ်ပိုင်းမျှသာ ကြာပြီး PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ငါးယှန်ကျေးရွာက နေအိမ် ၁လုံးနှင့် ကြက်ခြံ ၃ခြံတို့ မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ရွာက ထိတွေ့တိုက်ပွဲဖြစ်တိုင်း ခဏခဏဝင်ရှို့ခံနေရတာ။ အကြိမ်အရေအတွက်လည်းမမှတ်မိတော့ဘူး” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် ငါးယှန်ကျေးရွာကို မီးရှို့ပြီးနောက် နေ့ခင်း ၁၂နာရီဝန်းကျင်၌ ချောင်းဦးမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသော ရွာသားများ မှာ စစ်တပ် ထွက်ခွာသွားပြီးနောက် ရွာထဲသို့ ပြန်ဝင်လာကြကြောင်း သိရသည်။
ငါးယှန်ကျေးရွာသည် ချောင်းဦးမြို့အရှေ့ဘက် ၁မိုင်ခန့်အကွာ မုံရွာ-မန္တေလးလမ်းဘေး၌ တည်ရှိသည်။