စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၂ ဘီးကုန်တင်ယာဉ် ၂ စီးမီးလောင်ပျက်စီးကာ ကားသမားနှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၁၄ရက်) နေ့ခင်း ၁၂ နာရီကျော်တွင် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၈လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး တန့်ဆည်မြို့နယ်အပိုင် ရေဦး-တမတော-ကလေးဝကားလမ်းမဘေးရှိ ကုန် ကားများရပ်နားရာ ကားကွင်းထဲသို့ ဗုံးကျရောက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်အခြေစိုက် Platt Suport Force ထောက်ပံ့ရေးလူငယ်အဖွဲ့ထံက သိရသည်။
” ကုန်ကားမောင်းတဲ့ ကားသမား ၂ ဦး ဒဏ်ရာရတယ်။ တစ်ဦးကတော့ တော်တော်လေး စိုးရိမ်နေရတယ်။ကားကတော့ ဘာမှရစရာ မကောင်းတော့ဘူး။ မီးလောင်သွားတယ်။” ဟု Platt Suport Force ထောက်ပံ့ရေးလူငယ်အဖွဲ့၏ မြေပြင်တာဝန်ခံ Koplattက MPA သို့ပြောသည်။
အဆိုပါကားကွင်း၌ ကုန်ကားများ ရပ်နားကာ ကားသမားများ ခေတ္တအနားယူနေစဉ် တိုက်ခိုက်ခံရ ခြင်းဖြစ်သည်။
” ကုန်ကားကြီးတွေ မောင်းလာတဲ့ကားသမားတွေက ခရီးဆန့်လာတာ။ ကားနားတဲ့ကွင်းရောက်တော့ လေဖြည့်၊ဆီဖြည့်ကြပြီး ထမင်းစားနား ခြေညောင်းလက်ဆန့် အနားယူကြတာ ” ဟု တန့်ဆည်ဒေသခံတစ်ဦးက ဆိုသည်။
ဒဏ်ရာရကုန်ကားသမားတို့ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးသလို စိုးရိမ်ရဒဏ်ရာရသော ကုန်ကားသမား၏ နောက်ဆုံးအခြေအနေကိုလည်း မသိရသေးပေ။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်သည့်အချိန်တွင် ကားကွင်းအနီး၌ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိကြောင်း သိရသည်။