တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်ရှိ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား ၁၀၀ ကျော်ကို ဖေဖေါ်ဝါရီ ၁၄ ရက်တွင် စစ်သားနှင့်ရဲများပူးပေါင်း၍ ကော့သောင်းအကျဥ်းထောင်သို့ပြောင်းရွေ့နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။
အရုဏ်ဦးအချိန်မှစ၍ လေကြောင်းဖြင့်တစ်ကြိမ်ပြောင်းရွေ့ပြီး နေ့လည်ပိုင်းတွင်လည်း ရေကြောင်းဖြင့်ထပ်မံပြောင်းရွေ့ခဲ့ခြင်းဖြစ်ကြောင်း (PPNM)အဖွဲ့က ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“သူတို့(ထောင်အာဏာပိုင်)ဘက်က အကြောင်းပြတာတော့ ထောင်မဆန့်တော့လို့ပေါ့၊ အစ်ကိုတို့ကတော့ အဲဒီလိုမထင်ဘူး။ သူတို့ရည်ရွယ်ချက်က မိသားစုနဲ့ ဝေးတဲ့ထောင်ရောက်သွားရင်အကျဉ်းသားတွေငြိမ်သွားမယ်၊ မိသားစုလည်းဒုက္ခရောက်မယ်၊ အကျဉ်းသာတွေရော၊ မိသားစုတွေရောနိုင်ငံရေးကိုစိတ်မဝင်စားတော့အောင်လုပ်ဆောင်တာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
မြိတ်အကျဉ်းထောင်တွင် ယခင်ကတည်းက နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းကျနေသူစုစုပေါင်း ၁၀၀၀ နီးပါးရှိပြီး နေရေး၊ ထိုင်ရေးအဆင်ပြေကြောင်းနှင့် ယခုကဲ့သို့ထောင်ပြောင်းရွှေ့ခံရပါက အကျဉ်းသားများအနေဖြင့် စားရေး၊ သောက်ရေးကျပ်တည်းလာမည်ဖြစ်ကြောင်း စစ်တပ်အာဏာသိမ်းပြီးနောက် အမြိတ်အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံဖူးသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
“အစ်ကိုတို့တုန်းကတောင် အရမ်းအဆင်ပြေတဲ့မိသားစုက တစ်ပတ်တစ်ခါလောက်ပါဆယ်ပို့တယ်၊ မပြေတဲ့မိသားစုကတော့ တစ်လ၊ နှစ်လနေမှတစ်ခါလာတာ၊ တချို့ဆိုလာတောင်မလာဘူး။ အခုအဝေးကြီးပါဆယ်သွားပို့ရမယ်ဆို လမ်းခရီးသွားလာရခက်ခဲနေတဲ့အချိန်မှာ ဘယ်လိုလုပ် ပို့နိုင်တော့မလဲ၊ ဒါက တမင်ယုတ်မာကောက်ကျစ်အကျည်းတန်တဲ့လုပ်ရပ်”ဟု ၎င်းက မှတ်ချက်ပြုပြောသည်။
စစ်ကောင်စီက မတရားဖမ်းဆီးထောင်ချခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို တော်လှန်ရေးရဲဘော်များ ဝင်ရောက် ကယ်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထောင်ပြောင်းရွေ့ခြင်း ဖြစ်နိုင်ကြောင်း မြိတ်မြို့နယ်အတွင်းရှိ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
“သူတို့အနီးနားမှာ တော်လှန်ရေးရဲဘော်တွေရှိတော့ မလုံခြုံတော့ဘူးထင်ပြီး ပိုလုံခြုံတဲ့နေရာကို ပြောင်းတာဖြစ်မယ်၊ တော်တော်လည်းကြောက်နေကြတယ်၊ ကျွန်တော်တို့ကတော့ နိုင်တဲ့ဘက်က ကူညီသွားမှာပါ”ဟု ၎င်းက ဆိုသည်။
ယနေ့ ထောင်ရွှေ့ပြောင်းခံရသည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်နှင့် အခြားပြစ်မှုအသီးသီးဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများလည်း ပါဝင်ကြောင်း သိရသည်။