ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကျောင်းတစ်ကျောင်းရှေ့တွင် “ စာသင်ကျောင်းများသည် စစ်ပလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ်” ❞ဟု ကျောင်းဝတ်စုံဝတ်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၃ရက်က ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊အလက- ၁(အမှတ်-၁အခြေခံပညာအလယ်တန်းကျောင်း)၏ကျောင်းဆင်းချိန်တွင် ကျောင်းဝတ်စုံဖြင့် ဆန္ဒပြခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ ဥက္ကဌ ကိုပီတာ က ပြောသည်။
“ အကြမ်းဖက်စစ်တပ်ကသင်တို့ရဲ့အိမ်တံခါးကိုလာခေါက်နေပြီ။သင်တို့ရဲ့ရင်သွေးငယ်တွေကိုအကြမ်းဖက်ခေါ်ယူနေပြီ။သင်တို့ရဲ့ကလေးတွေကိုသေတွင်းထဲပို့ဖို့ကြိုးစားနေပြီ။ဒီအချိန်မှာအသိတရားဝင်ကြပါ။တော်လှန်ရေးအောင်ဖို့အတွက်တစ်ထောင့်တစ်နေရာကနေပူးပေါင်းပါဝင်ကြပါ။ ဒီလိုရည်ရွယ်ချက်နဲ့ဒီကမ်ပိန်းကိုလုပ်ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ဖေဖေါ်ဝါရီ၁၃ရက်က အလက၁(မရမ်းကုန်း)ကျောင်းရှေ့၊ အများပြည်သူမြင်သာရာနေရာများနှင့် YBSကားများပေါ်တွင် ❝ စာသင်ကျောင်းများသည်စစ်ပုလ္လင်အတွက် ယစ်ပူဇော်ခံမဟုတ် ❞ ၊ ❝ ငါတို့ကလေးတွေကို စစ်လေယာဉ်တွေသုံးပြီးသတ်နေတယ်၊ ခင်ဗျားတို့ရပ်ကြည့်နေမှာလား❞ စသည့် စာသားများကိုင်ဆောင်ကာ လှုံ့ဆော်ခြင်းနှင့်စစ်အာဏာရှင် ဆန့်ကျင်ရေး စတစ်ကာ များကပ်ခြင်းတို့ပြုလုပ်ခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ထံကပြောသည်။
“ စစ်ကောင်စီက အာဏာသိမ်းကာလ ၃နှစ်တာအတွင်းမှာ အထူးသဖြင့်အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တယ်။ဒါ့အပြင်ကလေးသူငယ်နဲ့ပတ်သက်တဲ့နေရာတွေ၊စာသင်ကျောင်းတွေ၊အလှူလုပ်တဲ့နေရာမျိုးတွေမှာလေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေက ပိုများလာတယ်ပေါ့နော်။ဒီလိုမျိုးအကြမ်းဖက် စစ်တပ်က လုပ်နေတာကိုခံနေရတယ်”ဟု ကိုပီတာက ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီသည် ပြည်သူတို့၏ ရင်သွေးများကို ရှေ့တန်းပို့ပြီး သေခိုင်းရန် အိမ်တံခါး လာခေါက်နေပြီဖြစ်ကြောင်း စစ်ကောင်စီအပေါ် ရွံရှာမုန်တီးမှုများကို တော်လှန်ခွန်အား အဖြစ်ပြောင်းလဲကြရန် လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့၊လှိုင်မြို့နယ် နေလူငယ်တစ်ဦးက“ မဖြစ်မနေစစ်မှုထမ်းရမယ်လို့တော့ အလွယ်သဘောပေါက်ထားတယ်။အခုက ဖမ်းနေတာတွေဆက်တိုက်ကြားနေရတော့ အပြင်ကို မိဘတွေက မထွက်ခိုင်းတော့ဘူး။ရှောင်ဖို့ဆိုတာကလည်း မလွယ်ကူတဲ့အခြေအနေမျိုးဆိုတော့ ဆက်စပ်တဲ့မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေနဲ့ တိုင်ပင်နေပါတယ်။ဒါလတ်တလောအခြေအနေပေါ့။မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုတော့ ပြည်သူက တော်လှန်ရေးတပ်ဖွဲ့တွေဆီဝင်ဖို့ အသင့်ပါပဲ။ဒါကိုကြိုသိလို့ လေဆိပ်တွေပိတ်နေရတာ သက်သေပဲလေ” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေအပေါ် မြန်မာနိုင်ငံတစ်ဝန်းရှိ မိဘများရော လူငယ်များပါ စိုးရိမ်ထိတ်လန့် နေကြသည်။