စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ ရွာသာပျူစောထီးကျေးရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးနှင့် စစ်သား ၇ ဦးသေဆုံးကာ PDF ၃ဦးကျဆုံးခဲ့ကြောင်း Shwe Bo Crocodile အဖွဲ့ကထုတ်ပြန်ထားသည်။
ရွာသာ ပျူစောထီးကျေးရွာသည် ပျူစောထီးနှင့် စစ်သား အင်အား ၅၀ခန့်ရှိပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ရက် )၊ မနက် ၁နာရီ ၁၅မိနစ်မှ ၁၀နာရီခွဲအထိ ဒေသခံကာကွယ်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ အပြီးသတ်ချေမှုန်းနိုင်ခဲ့တယ်။ ရွာကိုသိမ်းဆည်းနိုင်ခဲ့တယ်။ နှစ်ဖက်ထိတွေ့တိုက်မှု နာရီဝက်လောက်ကြာတယ်။ ကျန်တာက တိုးလိုက်၊ တက်လိုက် ပစ်လိုက်လုပ်ပေါ့၊ အဲ့ဒီမှာ သူတို့အထိနာသွားတော့ ပြန်ဆုတ်ပြေးသွားတယ်” ဟု Shwe Bo Crocodile အဖွဲ့တာဝန်ခံ ဗိုလ်မိကျောင်းက MPA ကိုပြောသည်။
အထိနာသွားသည့် စစ်ကောင်စီတပ်သည် ရွာသာပျူရွာနှင့် တစ်မိုင်ခွဲခန့်သာဝေးသည့် ပလိုင်းရွာရှိ စစ်ကောင်စီတပ်စခန်းကို ထွက်ပြေးဆုတ်ခွာသွားကာ၊ စစ်သားနှင့် ပျူစောထီး ၇ဦးသေဆုံးပြီး ကိုးလုံးပြောင်းချောတစ်လက်၊ အီနာဂါဗုံးသီး ၂လုံး၊ MA 2 ကျည်ဘောက် ၁ခုနှင့် ယူနီဖောင်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
ယင်းတိုက်ပွဲတွင် ကာကွယ်ရေးရဲဘော်များဘက်မှ ရဲဘော် ၃ဦးလည်း ကျဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ်ပလဖ ဒုတာဝန်ခံကပြောသည်။
“ ဆေးကုသမှုထိကိုမရလိုက်ဘူး။ ထိတွေ့တိုက်ပွဲမှာ တခါတည်း ကျဆုံးသွားတာ၊ ရွာကို သိမ်းပိုက်နိုင်ခဲ့တော့ Dead body လည်းပြန်ရတယ်။ မနေ့ကနဲ့ ဒီနေ့မှာ သင်္ဂြိုဟ်ပြီးစီးသွားပြီ” ဟု ၎င်းကပြောသည်။
ရွာသာရွာမှ ပလိုင်းရွာသို့ ထွက်ပြေးသွားပြီး ဆေးကုသနေသည့် စစ်ကောင်စီ တပ်သားများကို ခေါ်ထုတ်ရန်အတွက် စစ်ကောင်စီ အင်အား ၁၀၀ခန့်သည့် ချီပါကျေးရွာသို့ ရောက်ရှိနေကြောင်း ပလဖ ဒုတာဝန်ခံက ဆက်လက်ရှင်းပြသည်။
“ ရွာသာပျူရွာကို ပြန်ထိုင်နိုင်ဖို့ကတော့ အခြေအနေမကောင်းလောက်ဘူး။ အကုန်လုံးနယ်မြေလည်းရှင်းလင်းပြီးပြီးဆိုတော့ ထိုင်လို့လည်းမရတော့ဘူး။ ပလိုင်းမှာတော့ ထိုင်လောက်တယ်” ဟု ၎င်းကပြောသည်။
အဆိုပါတိုက်ပွဲကို Shwebo Crocodileအဖွဲ့နှင့်အတူ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ် ၅တပ်ပေါင်းစု၊ 96 Soliders – PDF အညာဒေသတပ်ခွဲနှင့် တိုက်နယ် ၂တပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။