မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ပျူစောထီးများ ၂ကြိမ်တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံးကာ ၅ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာတောင်ဘက်တွင် ကင်းပတ်နေသည့် ပျူစောထီး ၁၅ဦးကို ယနေ့(ဖေဖော်ဝါရီ ၁၃ရက်)နံနက် ၇နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး နေရာတင်သေဆုံးပြီး ၅ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း Earthquake Peoples Defense Force မှ သတင်းပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောသည်။
“ ပထမတစ်ကြိမ်ပစ်ခတ်မှုမှာ လက်နက်မပါတဲ့ ပျူစောထီး ၂ဦးသေတယ်။ တခြား ၅ယောက်က လက်မြှောက်တော့ မပစ်တော့ဘဲအရှင်ဖမ်းလိုက်တာပါ။ တခြားလက်နက်ပါတဲ့သူတွေကပြေးသွားတယ်။ ပထမတစ်ကြိမ်ပစ်ခတ်မှုက ၄၅မိနစ်လောက်ကြာတယ်” ဟု ကိုပိန်ကပြောသည်။
သေဆုံးသွားသည့် ပျူစောထီး ၂ ဦး၏အလောင်းကို ပြန်လာယူသည့် ပျူစောထီးများအား ယနေ့၊ နံနက် ၁၀နာရီခွဲခန့်တွင် ထပ်မံတိုက်ခိုက်ခဲ့ရာ နောက်ထပ်ပျူစောထီး ၅ဦး နေရာတင်သေဆုံးသွားကြောင်း သိရသည်။
” အလောင်းလာကောက်တဲ့အချိန်ကို ကြိုစောင့်ပြီးပစ်ခတ်ခဲ့တာ။လာကောက်တဲ့ ၅ ယောက်နေရာတင်သေတယ်။ ကျနော်တို့ဘက်ကတော့ထိခိုက်မှုမရှိပါဘူး” ဟု ကိုပိန်ကပြောသည်။
အရှင်ဖမ်းဆီးရမိခဲ့သည့် ပျူစောထီး၅ဦးကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း သိရသည်။
“သရက်ကန်က တစ်ရွာလုံးပျူရွာပဲ ။ ပျူတွေပဲရှိတာ။ ပျူရွာဆိုတော့ စစ်တပ်ဘက်ကအထိုင်ချထားတာရှိတယ်” ဟု မြိုင်ဒေသခံတစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုများကိုBadassess Burma Force, TYK ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၂၊ Pakokku People’s Defence Force ၊ Young Force UG ၊ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၄)စင်္ကြာတပ်ဖွဲ့နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျူစောထီးများ သေဆုံးခြင်းအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။