တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကျပ်သိန်းတစ်သောင်းနီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးကို ဖေဖော်ဝါရီ ၉ ရက်က ဖမ်းဆီးခဲ့ကြောင်း ဗထူးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက MPA ကိုပြောသည်။
ရေဖြူမြို့နယ်၊ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမပေါ်၊ ရေး-ထားဝယ်လမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဉ် အဆိုပါ ၁၂ ဘီးကုန်တင်ယာဉ်သည် ပစ်မှတ်နေရာသို့ ရောက်ရှိလာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ တင်လာတဲ့ကားက ရန်ကုန်ကနေ ထားဝယ်ကိုလာတဲ့ ကုန်တင်ကားဗျ။ သူတို့ကတော့ ထားဝယ်ခရိုင်ထဲမှာပဲရောင်းဝယ်ဖြန့်ဖြူးဖို့အတွက် သယ်လာတယ်လို့တော့ သိထားရတယ်။ ကျွန်တော်တို့ စောင့်နေတဲ့ စကစယာဉ်တန်းကတော့ ရောက်မလာခဲ့ဘူး” ဟု ဗထူးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက ရှင်းပြသည်။
ထိုသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး သိမ်းဆည်းရရှိခဲ့သည့် စိတ်ကြွမူးယစ်ဆေးဝါးများ၊ ကုန်တင်ကားနှင့် ကုန်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ တရားခံ ၂ ဦး ကိုတော့ ကျွန်တော်တို့တပ်မတော်ကပဲ ဖမ်းဆီးထိန်းသိမ်းထားတယ်ဗျ။ အရေးယူမှုအပိုင်းကတော့ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ထိုက်သင့်သလို အရေးယူသွားဖို့ရှိတယ်ဗျ” ဟု ဗထူးတပ်မတော်၏ သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက ဆိုသည်။
အဆိုပါ ကုန်ကားပေါ်ရှိ ကုန်ပစ္စည်းများအတွင်း သိုဝှက်သိမ်းဆည်း သယ်ဆောင်လာသည့် WY စိတ်ကြွဆေးပြား အလုံးရေ ၂၈၂, ၃၀၃ လုံး၊ ကျပ်သိန်း ၉၈၈၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ငွေကျပ် ၁၁၀, ၃၂၀၀ ကျပ်နှင့် လက်ကိုင် ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။
“ ထားဝယ်မှာ အဲ့ဒီလိုမူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူတွေ ဖမ်းဆီးခံရတာ အမြဲလိုလိုရှိတယ်။ ဖမ်းဆီးပြီးဒဏ်ရိုက်တာ၊ နယ်နှင်ဒဏ်ပေးတာ၊ ကြိမ်ဒဏ်ပေးတာ၊ လွတ်မြောက်နယ်မြေရှိတဲ့ ဒေသတွေမှာဆိုရင် ထောင်ချတာမျိုးတွေ လုပ်သင့်ပါတယ်ဗျ” ဟု ထားဝယ်ဒေသခံတစ်ဦးက အကြံပြုပြောသည်။
အဆိုပါ ဖမ်းဆီးထိန်းသိမ်းမှုကို ဗထူးတပ်မတော်-BHA ၊ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDF နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-DNLA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။