ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးရွာ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ဖေဖော်ဝါရီ ၁၁ရက်၊ နေ့လယ် ၁နာရီ ၁၅မိနစ်ခန့်တွင် တော်လှန်ရေးပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၆ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း Paungde People Defense Force-PPDF မှ ဆက်သွယ်ရေး သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကပြောသည်။
“ အဲ့ဒီစခန်းမှာက အင်အား ၃၀ကျော်လောက်ရှိတယ်။ ကပစ ၁၉နဲ့ တပ်မ ၆၆ လက်အောက်ခံတပ်တွေပါ၊ သေတာဘယ်လို အတည်ပြုလို့ရလဲဆိုတော့ သူတို့ဖမ်းထားတဲ့ သစ်သမားတွေပြန်လွတ်လာတော့ ပြောပြလို့ အတည်ပြုနိုင်တာ “ ဟု ၎င်းက ပြောသည်။
သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် ဒဏ်ရာရရှိသူများကို သစ်ခိုးထုတ်သည့်ကားများဖြင့် ပေါက်ခေါင်းမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း တိုက်ပွဲ၌ ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။
“ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ စစ်တပ်ဘက်ကလည်း ၄၀ မမတွေနဲ့ပစ်တယ်။ ကျတော်တို့ ဘက်က အန္တရာယ်ကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အခုတော့ ပေါ်လံကြီးရွာကို အင်အား ၅၀ထပ်တိုးပြီးတော့ တပ်စွဲထားတယ်” ဟု ရဲဘော်တစ်ဦးကပြောသည်။
အထက်ပါ စစ်ဆင်ရေးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း-တပ်ခွဲ(၅)တောဘုရင်အဖွဲ့နှင့်(၃၆၀၂)တပ်ရင်း-တပ်ခွဲ(၄)TPDFအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။