မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ရက်၊ မွန်းလွဲ ၂နာရီခန့်က အင်အား ၁၀ဦးခန့်ရှိ ပြင်စည်ကျေးရွာ ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
“ ဒရုန်းနဲ့ ဗုံးသီးက ၂လုံးချတာဗျ။ လှေကားအိမ်နားရယ်၊ နောက်ဖေးဘန်ကာနားမှာ ဗုံးသီးကျတယ်။ တိုက်ခိုက်မှုပြီးတော့ ရဲစခန်းကနေ သေနတ်ဖောက်တာ ဘာညာတော့ရှိတယ်ဗျ ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သား၂ဦးသေဆုံးခဲ့သည်ကို တပ်တွင်းသတင်းပေးထံမှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရဲစခန်းသည် ရန်ကုန် – မန္တလေးအမြန်လမ်းပိုင်းတွင် တည်ရှိပြီး ခရီးသွားပြည်သူများကို ငွေကြေးကောက်ခံနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ရှင်းပြသည်။
“ အမြန်လမ်းပိုင်းပေါ် စစ်ဆေးတာကို အကြောင်းပြပြီး ငွေကောက်တာ၊ ပြီးတော့ ဖုန်းတွေစစ်လို့ တော်လှန်ရေးနဲ့ပတ်သက်တာ နည်းနည်းပါးပါးတွေ့ရင် သူတို့က ငွေတောင်းတယ်။ မြို့ပေါ်မှာဆိုရင်တော့ အဖမ်းခံရပြီး တရားရုံးရောက်မှာပေါ့နော်၊ အခုတော့ ရဲစခန်းထဲပဲ ညှိကြတာမျိုးပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၁ရက်၊ မွန်းလွဲ ၃နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ်၊ ကြာပင်အိုင် ကျေးရွာအနီးရှိ MYTEL တာဝါတိုင်အား မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တာဝါတိုင်လှဲတာတော့ မဟုတ်ဘူး။ စက်တွေပဲ ဖျက်ဆီးတာ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ နွားထိုးကြီးမြို့နယ်အတွင်း မိုင်တဲတာဝါတိုင်များကို မြင်းခြံခရိုင်တပ်ရင်း ၄ က တောက်လျောက် ဖျက်ဆီးလျက်ရှိပြီး နွားထိုးကြီး မြို့ပေါ်တွင် Mytel WiFi သုံးမရတော့ကြောင်း ၊ Mytel ဆင်းကဒ်အသုံးပြုမှုလည်း သိသိသာသာ လျော့ကျသွားကြောင်း ဒေသခံများထံက သိရသည်။