မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်တို့က ၂ရက်တာစောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးကြောင်းသိရသည်။
မြိုင်မြို့ပေါ်မှ ကန်နီရွာသို့ ရိက္ခာ ပို့ရန် ထွက်လာသော အင်အား ၂၀၀ဝန်းကျင်ပါ စစ်ကြောင်းကို ဖေဖော်ဝါရီ ၁၁ရက်၊ ညနေ ၅နာရီခန့်တွင် ကျောင်းကုန်းရွာအနီး၌ ကာကွယ်ရေးတပ်ဖွဲ့များက စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁ဦးသေဆုံးပြီး ၇ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။
“ နာရီဝက်၊ ၁နာရီလောက်တော့ကြာတယ်။ စစ်ကြောင်းတက်လာတာကနေ ကျနော်တို့ဘက်က ကင်းပုန်းယူထားအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး ထိတွေ့တိုက်ပွဲစဖြစ်တာ “ ဟု မြိုင်ပကဖသတင်းပြန်ကြားတာဝန်ခံကပြောသည်။
ယင်းတိုက်ပွဲတွင် ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့် စစ်ကား ၁ စီးမီးလောက်ပျက်စီးခဲ့ကာ နင်းမိုင်းထိ ပြီး နောက်ထပ် ကား ၁ စီးထပ်မံပျက်စီးခဲ့ကြောင်း သိရသည်။
“ အီနာဂါချလို့လည်းမီးလောင်တယ်။ ကားနင်းမိုင်းမိလို့လည်းပျက်စီးတယ်။ ကားတွေကတော့ ယူကိုမယူသေးဘူး။ အဲ့နားမှာပဲရှိသေးတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲတွင် PDFရဲဘော် ၂ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၂ရက်ကလည်း နံနက် ၇နာရီခန့်တွင် ၁ကြိမ်နှင့် နေ့ခင်း ၁၁နာရီ ၄၅မိနစ်ခန့်တွင် ၁ကြိမ် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်သား ၂ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း မြိုင်ပကဖကထုတ်ပြန်သည်။
“ ကျောင်းကုန်းရွာနားပဲထပ်ဖြစ်တာ။ နံနက်ပိုင်းက နာရီဝက်လောက်ကြာတယ်။ နေ့လည်ပိုင်းဖြစ်တာကတော့ ၄၅မိနစ်လောက်ကြာတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းထွက်လာမှုကြောင့် မြိုင်မြို့နှင့် ကန်နီပျူစောထီးရွာကြားရှိ ကျေးရွာ ၁၀ရွာမှ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြိုင်ဒေသခံတစ်ဦးကပြောသည်။
“ ရုတ်တရက်ကြီးဆိုတော့ စားနပ်ရိက္ခာအခက်အခဲပဲရှိမယ်။ ပြီးတော့ သက်ကြီးရွယ်အိုတွေရောပါတော့ ဆေးဝါးလိုအပ်ချက်တွေလည်းရှိမယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီ ၆ရက်နေ့ကတည်းက ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့ရန် မြိုင်မြို့ပေါ်မှထွက်လာခြင်းဖြစ်ပြီး ယနေ့ (ဖေဖော်ဝါရီ ၁၃ရက်နေ့)အထိ ကန်နီပျူစောထီးကျေးရွာသို့ မရောက်သေးပေ။
စစ်ကောင်စီတပ်သည် အထိနာနေသော်လည်း မြိုင်မြို့ထဲသို့ ပြန်လည်ဆုတ်ခွာခြင်းမရှိသဖြင့် စစ်ကြောင်းနှင့်နီးသည့် ကျေးရွာများကို မီးရှို့ခြင်းနှင့် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်းထို့ကြောင့် ဒေသခံများအနေနှင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန်လိုကြောင်း မြိုင်ပကဖကတိုက်တွန်းထားသည်။
၂ရက်တာ တိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း၊ တပ်စု၊ တပ်စိတ်များနှင့် ပခုက္ကူခရိုင်တပ်ရင်း ၂၊ ၆၊ ၇နှင့် ၁၇တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။