စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြဌာန်းပြီးနောက် လူငယ်အများပြားမှာ PDF အဖွဲ့ထဲဝင်ရောက်ရန် ဆက်သွယ်လာသော်လည်း လက်နက်လုံလောက်မှုမရှိခြင်းကြောင့် ပဲခူးတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ အခက်တွေ့နေကြောင်း စုံစမ်းသိရှိရသည်။
လူငယ်အများအပြားသည် စစ်ကောင်စီလက်အောက်တွင်စစ်မှုမထမ်းချင်ဘဲ စစ်ကောင်စီကိုလက်နက်ကိုင်တော်လှန်ရန်အတွက် လာရောက်ဆက်သွယ်နေကြကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁-တပ်ခွဲ ၅ ကြို့ပင်ကောက်ဟိရိုး(hero)ပြောက်ကျားတပ်ဖွဲ့က ဗိုလ်မိုးကြိုးက ပြောသည်။
“ကျွန်တော်တို့အဖွဲ့ကို ဆက်သွယ်တာ ၆၀ ကျော်လောက်ရှိမယ်၊ အမျိုးသားတွေများတယ်၊ ခေါ်ချင်ပေမယ့် အခုရှိတဲ့လူတောင် လူစေ့လက်နက်မကိုင်နိုင်ဘူးလေ၊ ခေါ်ပြီးလက်နက်တောင်မပေးနိုင်ရင် ကျွန်တော်တို့ဘယ်လိုတိုက်ပွဲထဲခေါ်လို့ရမလဲ၊ ရိက္ခာပိုင်းကတော့ ၃ လ၊ ၄ လလောက်တော့ ကျွေးထားလို့ရပါတယ်”ဟု ဗိုလ်မိုးကြိုးက ဆိုသည်။
သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တပ်ခွဲအသီးသီးသို့ လူငယ်အများပြားလာရောက်ရန် ဆက်သွယ်နေသော်လည်း လက်နက်လုံလောက်မှုမရှိခြင်းကြောင့် တပ်သားသစ်ခေါ်ယူရန် စဉ်စားနေရကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ပြောသည်။
“ကျွန်တော်တို့စီစစ်ပြီးတော့ လက်ခံနေပါတယ်၊ လက်နက်မပြည့်စုံတဲ့အခက်အခဲက အဓိကစိန်ခေါ်မှုပါ၊ ပြည်သူတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေကို မဖြစ်မနေထောက်ပံ့ကူညီပေးစေလိုပါတယ်၊ အဲ့ဒီလိုထောက်ပံ့ကူညီတာဟာ စကစရန်က မြန်မြန်ကင်းလွတ်စေမယ့် တစ်ခုတည်းသော နည်းလမ်းမို့ ပြည်သူတိုင်းပါဝင်ပေးကြပါ”ဟု ရဲဘော်ဇာ်ကြီးက တောင်းဆိုခဲ့သည်။
စစ်ကောင်စီအနေဖြင့် လက်ရှိတွင် စစ်မှုထမ်းရန် ခေါ်ယူခြင်းမရှိသေးသော်လည်း အချိန်မီတော်လှန်ရေးအဖွဲ့အစည်းများထံ ရောက်ရှိအောင် ကြိုးစားနေကြောင်း အုတ်ဖိုမြို့နယ်အတွင်းရှိ အသက် ၂၀ အရွယ်လူငယ်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ သူငယ်ချင်းတွေတင် သွားဖို့ပြောထားတာ ၅ ယောက်၊ စာရင်းတော့ပေးထားတယ်၊ ဘယ်နေ့ဘယ်လိုခေါ်မလဲတော့မသိသေးဘူး။ ဒီကောင်တွေ(စစ်တပ်)လက်ထဲပါသွားရင် ပြန်ပြေးလာဖို့က မလွယ်တော့ဘူး” ဟု ၎င်းကဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ရန်ကုန်တိုင်းစစ်ဌာနချုပ်က PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်) တပ်သားသစ်ခေါ်ယူမှုမှာ ၁၂ နာရီအတွင်း လျှောက်ထားသူ ထောင်ချီရှိနေကြောင်း ရန်ကုန်တိုင်းစစ်ဌာနက ဖေဖော်ဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။