မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊အမြန်လမ်းပေါ်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် တန့်ဆည်ဒေသခံ လူငယ်၄ဦးကို ယနေ့ညနေပိုင်းအထိ ပြန်မလွှတ်သေးကြောင်းသိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၁၃ရက်)နံနက် ၁၀နာရီခန့်က ရန်ကုန် -မန္တလေးအမြန်လမ်းပေါ်ရှိ တံတားဦးဂိတ် အနီး စစ်တပ်ဂိတ်တွင် ရန်ကုန်မှ ပြန်လာသည့် တန့်ဆည်မြို့နယ်၊ကံထူးမရွာသား လူငယ် အမျိုးသား ၄ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းလူငယ်တို့နှင့် နီးစပ်သူထံက သိရသည်။
” အဝေးပြေးကားလမ်းပေါ်မှာ စစ်တပ်ဂိတ်စခန်းတစ်ခုမှာ ကားပေါ်ကနေ ဆင်းခိုင်းပြီး ဖမ်းသွားတယ်။ Express ကားစီးပြီးလာတာ လူငယ်အရွယ်တွေမို့ စစ်တပ်က ဖမ်းသွားတာလို့ပဲ ယူဆရတယ်” ဟု ၎င်းက MPA သို့ပြောသည်။
ဖမ်းဆီးခံလူငယ် ၄ဦးမှာ အသက်၂၃နှစ်နှင့် အသက်၂၅နှစ် ဝန်းကျင်ရှိကြကာ ရန်ကုန်၌ ဂျပန်ဘာသာ စကားသင်ယူပြီး ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
“ အခုထိတော့ ဘာသတင်းမှ မကြားရသေးဘူး။စိတ်ပူလိုက်တာ ကလေးတွေက ဘာမှသိတာမဟုတ်ဘူး။ အခုမှ အိမ်ကလူကြီးတွေက အေးအေးဆေးဆေး အနားယူရအောင် ပြန်ခိုင်းလို့ ရွာအလည်ပြန်ကြတာ” ဟု ဖမ်းဆီးခံရသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူက ပြောသည်။
ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် ခရီးသွားလူငယ်များအား စစ်တပ်က ဖမ်းဆီးလျက်ရှိသည်။
ဖေဖော်ဝါရီ ၁၁ရက်က မုံရွာ – မန္တလေးလမ်းပိုင်းပေါ်ရှိ ချောင်းဦးမြို့နယ်၊နတ်ရေကန်ရွာနှင့် စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းတို့၌ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားများပေါ်မှ လူငယ် ၂၀၀ကျော်အား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။