စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို စစ်ကောင်စီတပ်က သေနတ်များပစ်ခတ်ဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၁၁ နာရီ ခန့်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အင်အား ၅၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းသည် အိမ်ခြေ ၂၅၀ ဝန်းကျင်ရှိ ကွမ်းခြံကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၉ လုံးနှင့် စပါးကျီ ၁ လုံး မီးလောင်ပြာကျသွားပြီး အသက် ၃၀ ဝန်းကျင်ရှိ လူငယ်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဘုတလင်မြို့နယ်ပကဖ ထံက သိရသည်။
“ကွမ်းခြံရွာက ဘုတလင်နယ်နဲ့မုံရွာနယ် အစပ်မှာရှိတာ။ကွမ်းခြံရွာက နမခ နဲ့လည်းနီးတယ်။သေနတ်တွေနဲ့ ပစ်ဝင်တော့ ပြေးတဲ့သူကပြေးပေါ့။သက်ကြီးရွယ်အိုနဲ့ကလေးတချို့ကတော့ ဘုန်းကြီးကျောင်းထဲမှာ ပိတ်မိကုန်ကြတယ်။အဲ့လူတွေကို အထွက်မခံဘဲ ရွာကို မီးရှို့တာ။ပြီးတော့ အိမ်တွေထဲရှိတဲ့ပစ္စည်းမှန်သမျှ အကုန်ယူတော့တာပဲ။ဒါကတော့ ထုံးစံဖြစ်နေပါပြီ” ဟု ဘုတလင်မြို့နယ်ပကဖမှ တာဝန်ရှိသူ ဆရာကြွက်ကလေး ကပြောသည်။
ယင်းစစ်ကြောင်းသည် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့် တွင် ကွမ်းခြံကျေးရွာမှ တန်ဖိုးကြီးပစ္စည်းများ သယ်ဆောင်ကာ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
“စစ်ကြောင်းပြန်ထွက်တော့ ဘုန်းကြီးကျောင်းထဲက သူတွေအကုန်လုံးကိုတော့ ပြန်လွှတ်ပေးတယ်။လူငယ်တစ်ဦး ကိုတော့ ဓားစာခံအဖြစ်ဖမ်းသွားတယ်။ကျနော်တို့က အဲ့ဒီစစ်ကြောင်းကို ဝင်တိုက်ဖို့သွားတာ ကျနော်တို့ မရောက်ခင်မှာပဲ စစ်ကြောင်းကထွက်သွားတာ”ဟု ၎င်းကဆက်လက်ပြောသည်။
စစ်တပ်က ဖမ်းဆီးသွားသော လူငယ်ကို ယနေ့(ဖေဖေါ်ဝါရီ၁၃ရက်) နံနက်ပိုင်းအထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
“ဒီနေ့(ဖေဖေါ်ဝါရီ၁၃ရက်) မနက် နမခ ကနေ စစ်ကြောင်းကပြန်ဝင်လာတယ်။အခု(၁၀နာရီ၄၂မိနစ်)ထန်းတော ရွာကိုမီးရှို့နေတာ။ထန်းတောရွာနဲ့ ကွမ်းခြံရွာက ၁ မိုင်ခွဲလောက်ပဲဝေးတာ”ဟု ဒေသခံထောက်ပို့အမျိုးသမီးရဲဘော် တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၂ ရက်ကလည်း ကွမ်းခြံကျေးရွာကို ပထမအကြိမ် ဝင်ရောက် မီးရှို့ခဲ့ကာ ရပ်ကျေးပကဖ အမျိုးသား ၁ ဦးအား သတ်ဖြတ်ခဲ့သေးကြောင်း သိရသည်။