စစ်ကိုင်းတိုင်း၊ဝက်လက်မြို့ပေါ်နေ လူငယ်၅ဦးကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီး ပေါ်တာဆွဲသွားကြောင်း သိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၁၂ရက်)နံနက်၁၁နာရီခန့်က ကား၂စီးဖြင့် ဝက်လက်မြို့ပေါ် ပတ်နေသော စစ်သားများသည် ဝက်လက်မြို့မစျေးတောင်ဘက်၊ပိတောက်ဝါလက်ဖက်ရည်ဆိုင်အနီးရှိ လူငယ် အမျိုးသား၅ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဝက်လက်မြို့ခံအချို့ထံက သိရသည်။
“ ဝက်လက်မြို့မီးသတ်ရုံးမှာရှိတဲ့စစ်သားတွေက ကား၂ စီးနဲ့မြို့ထဲပတ်ပြီး နာရီစင်နားကားရပ်ပြီး အဲဒီအနီးနားကလူငယ်လေး ၅ ယောက်ကို ပေါ်တာဆွဲသွားတာပါဗျ” ဟု ဝက်လက်မြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဖမ်းဆီးခံရသည့် ၅ ဦးမှာ အသက် ၂၀ ဝန်းကျင်လူငယ်များဖြစ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။
” ဘယ်သူတွေလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး၊လူငယ်လေး ၅ ယောက်လို့တော့သိထားရတယ်။ နေ့ခင်း ၁နာရီခွဲအထိ သူတို့ပတ်နေကြတာပဲ။အဖမ်းခံရသူတွေက ဒီအတိုင်းအနီးနားရှိသူတွေခေါ်သွားတာ “ ဟုဝက်လက်မြို့ခံတစ်ဦးကပြောသည်။
ဖမ်းဆီးခံလူငယ် ၅ဦးကို စစ်တပ်အခြေစိုက်ရာ ဝက်လက်မြို့ မီးသတ်ရုံးထဲသို့ ခေါ်သွားခြင်းဖြစ်ပြီး ယနေ့ညနေ ၅နာရီခွဲအထိ ပြန်မလွတ်သေးကြောင်း သိရသည်။
ဝက်လက်မြို့ပေါ်၌ ပျူစောထီးသင်တန်းဖွင့်ရန် မြို့ပေါ်အုပ်ချုပ်ရေးအဖွဲ့များထံ စစ်ကောင်စီတပ်က လူငယ်၂၀ တောင်းထားကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
ဝက်လက်မြို့ပေါ်၌ နေ့ခင်းကြောင်တောင် ပေါ်တာဆွဲခြင်းမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ် ကြောင်း မြို့ခံအချို့က ဆိုသည်။