တောင်ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား အဖြစ် သွားရောက်အလုပ် လုပ်ကိုင်မည့်သူများ ငွေပေးသွင်းထားသော်လည်း တစ်နှစ်ကျော်ကြာသည့်အထိ မသွားရသေးကြောင်း အလုပ်သမားများထံက စုံစမ်းသိရှိရသည်။
အချိန်တစ်နှစ်ကျော်ကြာလာသည်အထိ သွားရောက်ရန်မသေချာခြင်းကြောင့် ကုန်ကျထားသော ငွေကြေးများကိုပြန်လည်တောင်းယူရာတွင် ၎င်းတို့အားပေးဆောင်ထားသည့်ငွေကြေများသာပြန်ပေး မည်ဟုအလုပ်ပွဲစားများက ပြောဆိုနေကြောင်း သာယာဝတီမြို့နယ်က အသက် ၂၅ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ သွားဖို့လုပ်နေတာ ၁ နှစ်ကျော်ပြီ၊ သိန်း ၈၀ လောက် ကုန်နေပြီ၊ အနည်းဆုံးမကုန်ဘူးဆိုတဲ့လူတောင် ၅၀ ပဲ၊ သူတို့ကို အသားတင်ပေးရတာကသိန်း ၄၀ လောက်ရှိပြီ၊ ကျန်တဲ့ငွေတွေက သူတို့သင်တန်းခဏခဏခေါ်ပေးနေတာ၊ စားစရိတ်၊ နေစရိတ်၊ လမ်းခရီးစရိတ်တွေကသိန်း ၄၀ လောက် ကိုယ့်ဟာကိုယ်ကုန်ရတာ၊ အခုအဲဒီငွေတွေပြန်မရဘူးတဲ့၊ သူတို့ပေးထားတဲ့ငွေပဲပြန်ရမယ်တဲ့၊ အကုန်လုံးသူများဆီကအတိုးနဲ့ယူပြီး ပေးထားရတာ“ ဟု၎င်းက ဆိုသည်။
တောင်ကိုရီးယားနိုင်ငံက ယခုနှစ်ရာသီချိန်လုပ်သားအဖြစ်ခေါ်ယူမည့်စာရင်းကို ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံမပါဝင်ခြင်းကြောင့် ငွေကြိုပေးထားရသည့် အလုပ်သမားများက အမှုဖွင့်တိုင်ကြားမည်ဟုပြောဆိုလာသဖြင့် အလုပ်ပွဲစားများက ပေးသွင်းထားသည့်ငွေကြေးများ ပြန်လည်ပေူဆောင်မည်ဟု ပြောဆိုလာခြင်းဖြစ်ကြောင်း အုတ်ဖို မြို့နယ်အတွင်း နေထိုင်သည့်အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကရှင်းပြသည်။
“ဟိုနေ့သွားရမယ်၊ ဒီနေ့သွားရမယ်နဲ့ အမျိုးမျိုးလှည့်ပြောနေတာ၊ အစ်ကိုတို့ တိုင်မယ်လုပ်လို့ အခုငွေပြန်ပေးမယ်လုပ်တာ၊ အစ်ကိုတို့ အဖွဲ့တင် လူ ၅၀ ကျော်တယ်၊ ရန်ကုန်မှာသင်တန်းတစ်ခါတက်ရင် အယောက် ၁၀၀ အနည်းဆုံးပဲ၊ တစ်ချို့တွေဆို အညာဘက်က လာရတာ၊ အစ်ကိုတို့ထက်လမ်းစရိတ်ပိုကုန်တယ်”ဟု ၎င်းကဆက်လက် ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နှစ်လည်ပိုင်းမှ စတင်ကာ တောင်ကိုရီးယားနိူင်ငံတွင် ရာသီချိန်လုပ်သားအလုပ်ရမည်ဆိုသည့်သတင်းမှာ ကြံခိုင်ရေးပါတီမှတဆင့်စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အလုပ်ပွဲစားများသည် တရားဝင် အေဂျင်စီများမဟုတ်ဘဲ စစ်မှုထမ်းဟောင်းများနေဖြစ်ကြောင်း အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ဆိုသည်။
“အစ်မတို့ရွာကို ဗိုလ်မှုးဟောင်းတစ်ယောက်ရောက်လာတယ်၊ အရင်လည်းသူက ရွာလာဖူးတော့ ရင်းနှီးနေတာ၊ တောင်ကိုရီးယားသွားချင်တဲ့သူတွေရှိရင် ပို့ပေးမယ်ပြောလို့၊ အစ်မတို့ရွာတင် ၁၀ ယောက်လောက်ရှိတယ်၊ ရန်ကုန်ကိုခဏခဏသင်တန်းခေါ်တာ၊ တရားဝင်အေဂျင့်တော့မဟုတ်ဘူး။ အများစုက စစ်သားဟောင်းတွေချည်းပဲတွေ့ရတယ်၊ အစ်မတို့ကတော့ငွေပြန်တောင်းနေပြီ၊ တစ်ချို့ကတော့သူတို့စကားကိုအခုထိယုံသေးတယ်၊ ငွေပြန်မတောင်းသေးဘူး”ဟု ၎င်းကပြောသည်။
တောင်ကိုရီးယားနိုင်ငံက ယခုနှစ်အတွက် ရာသီချိန်လုပ်သားများကို အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် လာအို နိုင်ငံများမှ ခေါ်ယူမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းကထုတ်ပြန်ထားသည်။