ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင့် ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီလက်လွှတ်ဆုံးရှုံးခဲ့ရသော ပလက်ဝမြို့ပေါ်ကို ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်ဗုံးကြဲ၍ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံသတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
“ ကလေးတစ်ယောက်သေသွားတယ်လို့တော့ သိရတယ်။ ထိခိုက်ပျက်စီးမှုဘယ်လိုရှိလဲဆိုတာတော့ ကျွန်တော်တို့လည်း အတိအကျ မသိရသေးဘူး။ သေချာတာက စစ်တပ်ကရှုံးမဲမဲပြီး အရပ်သားရော၊ လက်နက်ကိုင်ရောမခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်နေတော့တာပါ” ဟု ၎င်းကဆိုသည်။
ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီစခန်းများအားလုံးကို ရက္ခိုင့်တပ်တော်(AA)က ဇန်နဝါရီ ၁၄ ရက်တွင် အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်သားအများအပြား အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
ရက္ခိုင့်တပ်တော်(AA)က ပလက်ဝမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ပလက်မြို့ဒေသခံပြည်သူအချို့အနေဖြင့် မြို့ပေါ်တွင်ပြန်လည်ဝင်ရောက်နေထိုင်မှုရှိသော်လည်း စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကြောင့် ပြန်လည်မဝင်ရောက်သေးသည့် ဒေသခံများလည်းရှိကြောင်း ပလက်ဝခရိုင်ကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီဥက္ကဋ္ဌ ဆလိုင်းမျိုးထိုက်က MPA ကိုပြောသည်။
“ အရင်ကလည်းမကြာသေးဘူး။ ပလက်ဝရဲ့ ဟုမ်းကျေးရွာလေးကို ဗုံးကြဲပြီးတော့မှ ခရီးသွားပြည်သူ ၆ ယောက်သေပြီးမှ ၃ ယောက်ဒဏ်ရာရတာလည်း မကြာသေးဘူး။ ဒီလပိုင်းလောက်လို့ပြောလို့ရတယ်။ ပလက်ဝတို့ တခြားတခြားသောနေရာတွေမှာလည်း သူတို့(စကစ)က ကြဲမှာပဲ။ သတင်းကတော့မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ဆက်သွယ်လို့တော့ မရသေးဘူးဆိုတာတော့ ပြောချင်ပါတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။
ရခိုင်ပြည်နယ်ဘက်နှင့် ပလက်ဝနယ်စပ်ဒေသများတွင် စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော်(AA)အကြား တိုက်ပွဲများပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်သားများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံမှုများရှိသကဲ့သို့ ပလက်ဝဒေသကိုဖြတ်၍ အိန္ဒိနိုင်ငံဘက်ထွက်ပြေးလာမည့် စစ်ကောင်စီတပ်သားများလည်းရှိနိုင်ခြင်းကြောင့် ပလက်ဝဒေခံပြည်သူများအနေဖြင့် သတိထားစေလိုကြောင်း ဆလိုင်းမျိုးထိုက်က သတိပေးပြောကြားထားသည်။