ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ မင်းလှဆည်ပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဥ် သေနတ်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိသည့် ဒုတပ်ကြပ်မှာဆေးကုသပေးခဲ့သော်လည်း သေဆုံးသွားကြောင်းသိရသည်။
တိုက်ပွဲအတွင်း ဖမ်းဆီးမိသည့် ဒုတပ်ကြပ်ဇင်အောင်ကို ဆေးဝါးကုသပေးနေစဥ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၆ နာရီဝန်းကျင်တွင် သေဆုံးခဲ့ပြီး နံနက် ၈ နာရီ၌ ကောင်းမွန်စွာမီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်းထံက သိရသည်။
“မနေ့ (ဖေဖေါ်ဝါရီ ၁၁ ရက်) က အစ်ကိုတို့ စခန်းတက်သိမ်းတဲ့အခါမှာ ဒီကောင်က စခန်းနဲ့မလှမ်းမကမ်းမှာ ရောက်နေတာ။ အဲ့ဒါကို တို့ရဲဘော်က ဒဏ်ရာရပြီး သေနတ်မရှိဘူးထင်ပြီး အနားကိုသွားတာမှာ ငါတို့ရဲဘော်တောင်တန်းကို ဒီကောင်က ပစ်လိုက်တာ။ အဲ့တော့ ကျန်တဲ့ရဲဘော်တွေကလည်း ဝိုင်းပစ်တာပေါ့။ ဒါပေမဲ့ ဒီကောင်က မသေဘူး။ အဲ့ဒါနဲ့ စစ်သုံ့ပန်းဥပဒေအတိုင်း ဒီကောင့်ကို ခေါ်လာပြီး ဆေးကုပေးရတာပေါ့” ဟု သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက် ၇ နာရီဝန်းကျင်တွင် အုတ်ဖိုမြို့နယ်၊ မင်းလှဆည်ပေါ်ရှိ စစ်ကောင်စီတပ်၏ ရှင်းလင်းဆောင်စခန်းကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ နှင့် ပြည်ခရိုင်တပ်ရင်း ၃၆၀၁ (ဧရာညီနောင်စစ်ကြောင်း) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဒုတပ်ကြပ်ဇင်အောင်အား MA3 သေနတ်တစ်လက်နှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီကောင် ရှင်ရင်တော့ ဝန်ကြီးဌာနဆီ လွှဲပေးမလို့ပါ။ ငါတို့ဆီလည်း ဆေးဝါးက စုံစုံလင်လင်မရှိတာရယ်။ သူကလည်း ဒဏ်ရာတွေက အပြည့်ရထားတာရယ်။ ခါးတွေ၊ ဗိုက်တွေမှာ ၇ ချက်၊ ၈ ချက်လောက်ရှိမယ်၊ ဒဏ်ရာတွေက။ ဆရာဝန်မရှိတာရယ်လည်းပါတယ်။ မနက် ၆ နာရီမှာ သေသွားတယ်။ ၈ နာရီလောက်မှာတော့ ဝါးတွေ ထင်းတွေနဲ့ ကောင်းကောင်းမွန်မွန်ပဲ သင်္ဂြိုလ်ပေးလိုက်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသွားသည့် ဒုတပ်ကြပ်ဇင်အောင်သည် PDF ရဲဘော်ကို ပစ်ခတ်ခဲ့သော်လည်း ဖမ်းဆီးပြီးနောက် စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာ ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲအတွင်းမှာ လက်နက်ချမယ်ဆိုလည်း ချပါ။ ဒါမှမဟုတ် CDM လုပ်မယ်ဆိုလည်းလုပ်။ မနေ့ကသေသွားတဲ့ ဒုတပ်ကြပ်က ကျနော်တို့ရဲဘော်ကို ပြန်မပစ်ပဲသာ လက်နက်ချလိုက်ရင် သူအသက်ရှင်မှာ” ဟု သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊တပ်ခွဲ-၅ မှရဲဘော်တစ်ဦးကပြောသည်။
စစ်သားများအနေဖြင့် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ကာ CDM ပြုလုပ်ကြရန်နှင့် CDM ပြုလုပ်ကြရန် အခက်အခဲရှိပါက တိုက်ပွဲအတွင်း လက်နက်ချ အလံဖြူထောင်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ-၅ က တိုက်တွန်းထားသည်။