ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့စစ်ဆင်ရေးအတွင်း စစ်သား ၇၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၇ ရက်၊ နံနက် ၄ နာရီခွဲခန့်က စစ်ကောင်စီ၏ အဓိက ထောက်ပို့လမ်းကြောင်းပေါ်ရှိ မြို့စိုးတံတား စစ်တပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက် ချေမှုန်းပြီး တံတားအား ဖောက်ခွဲဖြတ်တောက်ခဲ့ကြောင်း၊ ထို့နောက် ဇရပ်ကြီးမြို့ အခြေစိုက် ခလရ- ၇၃ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက်ရာ တပ်ရင်းအတွင်းရှိ စစ်ရေးအခြေခံ အဆောက်အအုံများ၊ အရေးကြီးစာရွက်စာတမ်းများနှင့် ခဲယမ်းများကို သိမ်းဆည်း ဖျက်ဆီးနိုင်ခဲ့သည့်အပြင် ဇရပ်ကြီးမြို့ ရဲစခန်းနှင့် လုံခြုံရေးတပ်ဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ဇရပ်ကြီးမှာတော့ တိုက်ပွဲတွေဖြစ်ခဲ့တယ်။ စခန်းတွေလည်း သိမ်းနိုင်ခဲ့တယ်။ ကိုယ့်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပါတယ်” ဟု ပဲခူးတိုင်းစစ်ဒေသမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကူလာနိုင်သည့် စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းပေါ်ရှိ နှစ်တန့်ကူးတံတားနှင့် ရေကြည်ချောင်းတံတားရှိ စစ်ကောင်စီ၏ ဂိတ်စခန်းများကိုလည်း ဝင်ရောက်တိုက်ခိုက်ချေမှုန်းပြီး နှစ်တန့်ကူး တံတားအား ဖောက်ခွဲခဲ့ကြောင်း သိရသည်။
“ဇရပ်ကြီး စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေက သာလွန်အင်အားသုံးကာ ခုခံတိုက်ခိုက်ခဲ့ပေမဲ့ ကျနော်တို့ တော်ဝင်ဒေါင်းစစ်ကြောင်းအပါအဝင် မဟာမိတ်တပ်တွေက ခလရ (၇၃) အပါဝင် စစ်ဆင်ရေးရည်မှန်းချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာတော့ ကျနော်တို့ စစ်ကြောင်းက ရဲဘော် ၄ ဦးကျဆုံးခဲ့ပါတယ်” ဟု တော်ဝင်ဒေါင်းစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။
ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ် ၈၀ ကျော်တိုက်ခိုက်ကာ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေ အိမ်များကိုပါ ဖျက်ဆီးခဲ့ကြောင်းသိရသည်။
“ခလရ-၇၃ ထဲကိုဝင်တော့ အမြောက်နဲ့လက်နက်တွေကရတယ်။ ကျနော်တို့ မသယ်နိုင်လို့ ဖျက်ဆီးခဲ့တယ်။ ကျနော်တို့ဘက်ကလည်း လက်နက်တချို့ ဆုံးရှုံးမှုတွေလည်း ရှိပါတယ်” ဟု ယင်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေး ရည်မှန်းချက် အားလုံးကို ဆောင်ရွက်နိုင်ခဲ့ကာ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။
တောင်ပိုင်း စစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ အနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်နေသဖြင့် ပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြရန်နှင့် စစ်သားများနှင့် စစ်ကောင်စီယန္တရား လည်ပတ်ရန် ဆောင်ရွက်နေသူများအားလုံး ပြည်သူ့ဘက်သို့ ရပ်တည်ပူးပေါင်းကြရန်လည်း တိုက်တွန်းထားသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။