မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် ထီးလင်မြို့ထိန်းချုပ်ရေးကော်မတီကို ဖေဖော်ဝါရီ ၁၀ ရက်က ဖွဲ့စည်းခဲ့ပြီး ထီးလင်းမြို့ပေါ်သို့ စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းတင်သွင်းခြင်းကိုပိတ်ပင်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။
ထီးလင်းမြို့ပေါ်ကို တော်လှန်ရေးအဖွဲ့အစည်းများက ၁၅ လကြာ ရိက္ခာဖြတ်တောက်ထားနိုင်ခဲ့သော်လည်း နည်းလမ်းမျိုးစုံဖြင့် ကုန်ပစ္စည်းတင်သွင်းမှုများရှိနေခြင်းကြောင့် ထီးလင်မြို့ထိန်းချုပ်ရေးကော်မတီကို ဒေသခံတပ်ရင်း (၇) ရင်းမှ တာဝန်ခံ(၇)ဦး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (၂)ဖွဲ့မှ တာဝန်ရှိသူ(၂)ဦးနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)ဖွဲ့မှ တာဝန်ရှိသူ(၂)ဦးတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(အနောက်ခြမ်း)တာဝန်ခံ ကိုသန့်ဇင်က MPA ကိုပြောသည်။
“ အရင်က ထီးလင်းမြို့ရိက္ခာဖြတ်တောက်ရေးအတွက် အားလုံးပါဝင်လုပ်ဆောင်ခဲ့ပေမယ့် တကယ့်တကယ် ရိက္ခာပို့တဲ့လူတွေကို အရေးယူမှုအပိုင်းမှာ အားနည်းခဲ့ကြတယ်။ စီရင်နိုင်မှု၊ အပြစ်ပေးနိုင်မှုအားတွေ တအားနည်းခဲ့တယ်။ ဒါကြောင့်မို့လို့ တစ်မြို့နယ်လုံး၊ အားလုံးဝိုင်းပြီးမှ လုပ်မှရတော့မှာဆိုပြီး ဆွေးနွေးကြတယ်။ ပြီးတော့ (၁၀)ရက်နေ့မှာ ကော်မတီကိုဖွဲ့စည်းခဲ့ကြတယ်။ အားလုံးကို ကော်မတီကပဲကိုင်တွယ်မယ်ဗျ” ဟု ၎င်းက ရှင်းပြသည်။
ထီးလင်းမြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့တစ်မြို့ဖြစ်ပြီး ထီးလင်းမြို့ကိုရိက္ခာဖြတ်တောက်ခြင်းဖြင့် အခြားမြို့ရွာဒေသများအတွက် ထိခိုက်မှုတစ်စုံတစ်ရာမရှိနိုင်သည့် အခြေအနေရှိသောကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ၏ သက်ဆိုးမရှည်စေရန် ရိက္ခာဖြတ်တောက်ထားရခြင်းဖြစ်ကြောင်း သိရသည်။
ထီးလင်းမြို့ပေါ်နေပြည်သူများအနေဖြင့် စားနပ်ရိက္ခာပြတ်လပ်ခြင်းများနှင့် စစ်ကောင်စီ၏ဖိနှိပ်မှုများကြောင့် တော်လှန်ရေးအင်အားစုများစိုးမိုးထားသည့် ဒေသများသို့ အများအပြား ထွက်ပြေးခိုလှုံလာလျက်ရှိကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း (၁၆)၊ YRA(ထီးလင်း)၏ တပ်ရင်းမှူးသခင်ဇော်က MPA ကိုပြောသည်။
“ ထီးလင်းမြို့ပေါ်မှာ လက်ရှိအခြေအနေကတော့ စစ်ကောင်စီရှိမယ်၊ ရဲရှိမယ်၊ ပျူရှိမယ်၊ ဌာနဆိုင်ရာ non-CDM တွေရှိမယ်။ နောက်သူတို့နဲ့ဆက်နွှယ်တဲ့သူတွေ၊ ဒီလောက်ပဲကျန်ခဲ့တော့တာပါဗျ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေပြဌာန်းမှုကြောင့် ထီးလင်းမြို့နယ်တော်လှန်ရေးအင်အားစုများထံသို့ ခိုလှုံလာမည့် လူငယ်များကိုလည်း ၎င်းတို့အနေဖြင့် ကြိုဆိုလျက်ရှိကြောင်း သခင်ဇော်က ဆက်လက်ပြောကြားသည်။
“ တချို့လူငယ်တွေအနေနဲ့က စစ်ကောင်စီဘက်ပါတာလို့လည်းမဟုတ်ဘူး။ ကြားနေပေါ့နော်။ အခုချိန်မှာက စစ်ကောင်စီကလည်း စစ်မှုမထမ်းမနေရဆိုတော့ သူတို့အနေနဲ့ ပြတ်ပြတ်သားသားရွေးချယ်ရတော့မယ်။ ကျွန်တော်တို့ကတော့ ကြိုဆိုနေမှာပါဗျ။ အဓိကကတော့ စစ်ကောင်စီအတွက် အင်အားမဖြစ်သွားဖို့ပါပဲ။ သူတို့(လူငယ်များ)အနေနဲ့ တော်လှန်ရေးထဲမှာလုပ်ချင်တယ်ဆိုလည်း ကြိုဆိုတယ်။ မလုပ်ချင်ဘူးဆိုရင်လည်း သူတို့နဲ့သင့်တော်တဲ့၊ လုံခြုံတဲ့နေရာမှာ ထားပေးသွားမှာပါ” ဟု ၎င်းကပြောသည်။
ထီးလင်းမြို့ပေါ်မှထွက်ပြေးခိုလှုံလာသည့် ပြည်သူများကိုလည်း ထီးလင်းမြို့ထိန်းချုပ်ရေးကော်မတီအနေဖြင့် လက်ခံ၍ စစ်ဆေးစာရင်းကောက်ခြင်း၊ နေရာချထားရေးနှင့် စားဝတ်နေရေးအတွက် အကူအညီပေးခြင်းများကို လုပ်ဆောင်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။