စစ်ကောင်စီက စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ဧည့်စာရင်းစစ်ဆေးမှုများ ပိုမိုတင်းကျပ်လာပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ဖမ်းဆီးငွေညှစ်မှုဒဏ်ကို ပိုမိုကြုံတွေ့ရနိုင်ကြောင်း ရန်ကုန်မြို့နေပြည်သူများက ဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၈ နာရီခွဲကျော်တွင် စစ်ကောင်စီလက်အောက်ခံများက ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ပြီး ရပ်ကွက်အတွင်းနေထိုင်သူ ၁၇ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း အဆိုပါရပ်ကွက်အတွင်းနေထိုင်သူများထံက သိရသည်။
“ မနေ့က ၁၆ ရပ်ကွက်ကို ဝင်မွှေသွားတယ်လေ။ ဧည့်စစ်နဲ့ ခေါ်သွားတယ်လို့ကြားတာပဲ။ သေချာတော့ မသိရသေးဘူး။ သူတို့ ငွေတောင်းပြီး ပြန်လွှတ်မှာပေါ့။ အရင်လည်း ဒီလိုဖမ်းဆီးငွေညှစ်နေကြပဲ။ ကျွန်မတို့ရပ်ကွက်ကိုလဲ ပြီးခဲ့တဲ့တစ်ပတ်က ဧည့်စာရင်းလာစစ်သွားသေးတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် တာမွေမြို့နယ်၊ အောင်မင်္ဂလာကျောင်းတိုက်ကိုလည်း ယမန်နေ့၊ ည ၁၀ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီလက်အောက်ခံများက ဧည့်စာရင်းဝင်ရောက်စစ်ဆေးခဲ့ပြီး ပြည်သူ ၈ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း Rangoon Scout Network က ဖော်ပြထားသည်။
“ အောင်မင်္ဂလာကျောင်းမှာ အဖမ်းခံရတာတော့ သေချာမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ တစ်လမ်းကျော်က အဆောင်တွေများတော့ တခုခုဆို အဲ့ဒီလမ်းကိုပဲ ပတ်မွှေလေ့ရှိတယ်။ ရပ်ကွက်ထိပ်မှာလဲ သူတို့တွေ တပ်စွဲထားကြတယ်လေ။ အဲဒါကြောင့် အသွားအလာ ဂရုစိုက်နေရတယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
အောင်မင်္ဂလာကျောင်းတိုက်ကို စစ်ဆေးမှုများပြုလုပ်ပြီးနောက် တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းထဲရှိ မင်္ဂလသုခအမည်ရှိ ရခိုင်ဘုန်းကြီးကျောင်းတိုက်ကိုလည်း စစ်ကောင်စီတပ်သား ၇ ဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဧည့်စာရင်းဝင်ရောက်စစ်ဆေးသွားခဲ့ကြောင်း သိရသည်။
“ အခုရက်မှာ ခပ်စိပ်စိပ်တော့ ဧည့်စာရင်းတွေ ပြန်စစ်လာတယ်။ သင်္ဃန်းကျွန်းမှာ ဝင်ဆွဲတာလည်း ဧည့်စစ်။ ပေါ်တာ မဟုတ်ပါဘူး။ ငွေညစ်ပြီးရင် ပြန်လွှတ်ပေးဖို့များတယ်။ တစ်နေရာနဲ့ တစ်နေရာတော့ ငွေကမတူဘူးရယ်။ အနည်းဆုံးတော့ တစ်ယောက် ၅ သောင်းပတ်ဝန်းကျင်လောက်တော့ ရှိမယ်” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက MPA ကိုပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တောင်ဒဂုံမြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ရခိုင်ဘုန်းကြီးကျောင်းများကို အဓိကထားကာ စစ်ဆေးခဲ့ပြီး ယမန်နေ့ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ဧည့်စာရင်းစစ်ဆေးမှုမှတစ်ဆင့် ပြည်သူအချို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ ဟိုကောင်တွေကလည်း လတ်တလော လူတွေကြောက်နေတာကို အခွင့်အရေးယူပြီးဝင်ငွေရှာတာပေါ့။ ငွေညှစ်တာ။ ရှေ့ဆက်လည်း ဒါမျိုးတွေ ပိုလုပ်လာနိုင်တယ်။ တိုက်ကြီးဘက်က ရွာတွေမှာလည်း စစ်မှုထမ်းစာရင်းမှာ မပါချင်ရင် တစ်ယောက် ၅ သိန်းလိုက်တောင်းနေတယ်လို့ ကြားရတယ်” ဟု နယ်မြေခံ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက အရွယ်ရောက်ပြီးသည့် ပြည်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကာ ပြည်သူတိုင်းကို စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်ရှိသည့် အာဏာကို စတင်ကျင့်သုံးကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ထားခြင်းဖြစ်သည်။