မကွေးတိုင်း၊ စေတုတ္တရာ မြို့နယ်အတွင်းရှိ ပျူစောထီးသင်တန်းတက်ရောက်သူများကို ရပ်ရွာက ငွေကြေးထောက်ပံ့ပေးရကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ စေခိုင်းချက်အရ ပျူစောထီး သင်တန်း တက်သူများကို ၎င်းတို့၏ ရပ်ရွာနေပြည်သူများက သင်တန်း ၁ ရက်လျှင် ကျပ် ၂၀၀၀၀ နှုန်း နှင့် သင်တန်း ပြီးဆုံးချိန်၌လည်း နောက်ထပ် ကျပ် ၅၀၀၀၀ ထပ်ပေးရကြောင်း ဒေသခံအချို့ထံက သိရသည်။
ယင်းငွေများကို ရပ်ရွာအတွင်းရှိ အိမ်ထောင်စုများက အချိုးကျထည့်ဝင်ရခြင်းဖြစ်သည်။
” စေတုတ္တရာမှာ အရင်က ပျူရွာ ဆိုတာ မရှိဘူး။ပျူလည်း မထွက်ဖူးဘူး။ ဒါ ပထမဆုံး ပျူသင်တန်းပေးတာပဲ ” ဟု စေတုတ္တရာ ဒေသခံ တစ်ဦးက MPA သို့ပြောသည်။
ယင်း ပျူစောထီး သင်တန်းမှာ ၁၉ ရက် သင်တန်း ဖြစ်ကာ စေတုတ္တရာ မြို့နယ်အတွင်းရှိ ကူတော်ရွာ၊ အောက်ပုံရွာနှင့် နန်ကူရွာတို့မှ ဒေသခံ အမျိုးသား ၂၀စီ တက်ရောက်ခဲ့ရကြောင်း သိရသည်။
” သင်တန်းက ကပစ ၂၀ မှာပေးတာ ၊ ခု ရွာ ၃ ရွာက အရင်က ပျူရွာလည်း မဟုတ်ဘူး ။ဒါပေမဲ့၊ ကိုယ့်ဘက်ကလားဆိုလည်း မဟုတ်ဘူး ။သာမန်ဆိုပြီး သူတို့ အလုပ် သူတို့ လုပ် စားနေတဲ့ သူတွေ “ ဟု ၎င်း ကပြောသည်။
သင်တန်းဆင်း ပျူစောထီးများကို ယခု သင်တန်း ပြီးချိန်၌ ၎င်းတို့၏ ကျေးရွာများအတွင်းမှနေ၍ ၆လ အပြင်မထွက်ရဟု စစ်ကောင်စီတပ်က ညွှန်ကြားထားကြောင်း သင်တန်းဆင်းပျူစောထီးများမှာ PDF တို့နှင့် ဆက်သွယ်မည်စိုးသဖြင့် ယင်းသို့ ညွှန်ကြားထားခြင်းဖြစ်နိုင်ကြောင်း စေတုတ္တရာ နယ်အတွင်း မှ တော်လှန်ရေး ရဲဘော် တစ်ဦးကပြောသည်။
” စစ်သင်တန်း တက်ပြီးပြီဆိုတော့ ဒါ ပျူပဲပေါ့။ဒါပေမဲ့၊ သူတို့ သင်တန်းပြီး ဘာဆက်လုပ် မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ စေတုတ္တရာ နယ်ကတော့ စစ်ကောင်စီဘက်ကလည်း အားမသာသလို ကျနော်တို့ တော်လှန်ရေး အင်အားစုတွေဘက်ကလည်း အားသာတာမျိုး မရှိဘူး “ ဟု ၎င်းက ပြောသည်။
စေတုတ္တရာ နယ်အတွင်း၌ စစ်သား အင်အား ၁၀၀ ကျော်ရှိကြောင်း သိရသည်။