ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ခြောက်မိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအရှင်ဖမ်းမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေ၊ ဖားကန့်မြို့၊ နန့်တိန်ကျေးရွာမှ ထွက်လာသည့် အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းနှင့် KIA တပ်တို့ ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက် အစောပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ စစ်ကြောင်းက ခမရ ၁၂၀ နဲ့ ပြည်သူ့စစ်တွေပါတယ်။ ကျွန်တော်တို့ဘက်က ကြားဖြတ်တိုက်ခိုက်တာ၊ လက်နက်တွေ သိမ်းမိတယ်၊ စစ်သားသုံးဦးအရှင်မိတယ်။ ညနေကျတော့ ဖားကန့်ဘက်ကို ပြန်ဆုတ်သွားတယ်။ စစ်တပ်က နန့်တိန်စခန်းကို ပြန်လိုချင်နေတယ်” ဟု ရှေ့တန်းနှင့် နီးစပ်သူတစ်ဦးက MPA ကိုရှင်းပြသည်။
ထို့ပြင် ဖားကန့်၊ ကံစီးဗျူဟာကုန်းဘက်ကလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သောကြောင့် အသက် ၅၄ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ ကားသမားက ခရီးသွားရင်း တိုက်ပွဲကြားထဲ ညှပ်မိသွားတာထင်တယ်၊ ခရီးသည်တွေလည်း လမ်းကြောင်းကြည့်ပြီးမှ သွားလာသင့်တယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် မြစ်ကြီးနားလေတပ်က တက်လာသည့် ဂျက်ဖိုက်တာလေယာဉ်နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်ကလည်း ဖားကန့်မြို့ရှိ၊ တပ်မ ၃၃ လက်အောက်ခံ နန့်တိန်ဗျူဟာကုန်းစခန်းကို KIA တပ်မဟာ ၉ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။