စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အဝင်တွင် စစ်တပ်က ပြည်သူများကို ထပ်မံ ဖမ်းဆီးနေကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) နံနက် ၉ နာရီဝန်းကျင်က မုံရွာ-မန္တလေးလမ်းပေါ်ရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် မုံရွာမြို့နယ်၊ တောင်ပုံကျေးရွာထိပ်၌ လက်ဖက်ရည်ဆိုင်ထိုင်နေသော လူငယ်အမျိုးသားအချို့ကို ဖမ်းဆီးခဲ့သလို ကူတောပလ္လင်ကျေးရွာထဲသို့လည်း ဝင်ရောက်ကာ လူငယ်များကို ထပ်မံဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
” အဖမ်းခံရတဲ့သူက များတယ်။ သေချာအတည်မပြုနိုင်သေးဘူးဖြစ်နေတာ။ အတည်ပြုနိုင်တာက ကူတောရွာထဲဝင်ဖမ်းတာ ၂ ယောက်မိတာနဲ့၊ တောင်ပုံထိပ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ၂ ယောက်ဝင်ဖမ်းတာပဲ အတည်ပြုနိုင်တာ။ ကူတောကကျ စစ်သားတွေ အဝင်အထွက်ရှိတယ်လေ။ အဲ့မှာမရှောင်ရင်း အဖမ်းခံရတာ။” ဟု ဒေသခံတစ်ဦးကပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ မုံရွာ–မန္တလေးလမ်းပိုင်းပေါ်ရှိ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာနှင့် စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းတို့၌ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားများပေါ်မှ လူငယ် ၂၀၀ ကျော်အား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
” ပြန်လွှတ်တယ်ဆိုတာမျိုးတော့မကြားမိသေးဘူး။ မနေ့က သိသိချင်း ဒီလမ်းပိုင်းတွေမသုံးနဲ့ဆိုပြီး ပြည်သူတွေဆီကို သတင်းလွှင့်လိုက်တော့ ဒီနေ့ (ဖေဖေါ်ဝါရီ ၁၂ ရက်) အသွားအလာမရှိတော့ဘူး” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့တာဝန်ခံ ကိုနွေဦးက ပြောသည်။
ဖေဖော်ဝါရီ ၁၁ရက်က မုံရွာမြို့ပေါ်၌လည်း မြို့ခံလူငယ် ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီးနောက် ယနေ့ တွင် မုံရွာမြို့ပေါ်၌ ခြောက်ကပ်တိတ်ဆိတ်လျက်ရှိကြောင်း မြို့ခံအချို့ထံကသိရသည်။
” အသွားအလာနည်းနည်းတော့ရှိသေးတယ်။ စစ်သားတွေလည်း ကားတွေနဲ့ မြို့ထဲမှာ ပတ်နေတာရှိတယ်” ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။
မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနိုင်ငံတစ် ဝန်းရှိ ပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိသလို စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
မုံရွာမြို့နယ်အဝင်၌ ယနေ့ဖမ်းဆီးခံရသော ပြည်သူစုစုပေါင်းအရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိ သေးပေ။