မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ ၃ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၉ဦးသေဆုံးကာ ၅ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၆ရက်က မြိုင်မြို့ပေါ်မှ ကန်နီပျူစောထီးရွာသို့ ရိက္ခာပို့ရန်ထွက်လာသော အင်အား ၂၀၀ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၇ရက်၊ ၈ရက်နှင့် ၁၀ရက်တို့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မြိုင်မြို့အနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၇ရက်၊ နံနက် ၉နာရီခွဲခန့်တွင် တစ်ကြိမ်နှင့် ၁၁နာရီခန့်တွင် တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ မျက်မြင်စစ်သား ၇ဦးသေဆုံးကာ၊ မွန်းလွဲ ၁နာရီခန့်၌ စနိုက်ပါဖြင့်ပစ်ခတ်မှုကြောင့် ၂ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
“ မြိုင်ကနေ ကနီကိုပို့တဲ့ လမ်းကြောင်းမှာ တိုက်ပွဲဖြစ်တာ။ ထိတွေ့တိုက်ပွဲက နာရီဝက် ၊၁နာရီလောက်ပဲကြာတယ်။ ကျနော်တို့က မြင်ရပြီးတော့ အရင်ဆုံးစောင့်ပစ်ရတာဆိုတော့ ကိုယ့်ဘက်ကတော့ အသာစီးရတယ်။ စနိုက်ပါနဲ့လည်း ချောင်းပစ်တာ” ဟု မြိုင်မြောက်ပိုင်းဇုန်ပကဖတာဝန်ခံ ဗိုလ်ခရောစ့်ကပြောသည်။
ထို့နောက် ဖေဖော်ဝါရီ ၈ရက်တွင် ယင်းစစ်ကြောင်းသည် လမ်းကြောင်းပြောင်းပြီး သွားနေစဉ် နံနက် ၁၀နာရီ ၁၃မိနစ်ခန့်က ထိတွေ့တိုက်ပွဲတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး စစ်သား ၅ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ ဒီဘက်လမ်းကို သွားမရတော့ တခြားလမ်းကိုသွားတဲ့အချိန်မှာ ကျနော်တို့ တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲထပ်ဖြစ်တာ” ဟု ၎င်းကပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၀ရက်) မွန်းလွဲ၂နာရီခွဲခန့်ကလည်း ယင်းစစ်ကြောင်းနှင့် ၁၀မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး နယ်မြေအခြေအနေအရ ထိခိုက်သေဆုံးမှုနှင့် တိုက်ပွဲအခြေအနေကို ပြော၍ မရသေးကြောင်း ၎င်းကပြောသည်။
စစ်ကောင်စီစစ်ကြောင်း လမ်းကြောင်းပြောင်းသွားသဖြင့် PDFရဲဘော်များ နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် ဆေးပုလင်းနှင့် ပတ်တီးတို့ တွေ့ရှိခဲ့ကြောင်း သိရသည်။
“ ဒဏ်ရာရလို့ ဆေးထိုးထားတဲ့ ဆေးပုလင်းတွေ။ ပတ်တီးတွေ သွေးတွေ အရေးပေါ်သွေးထိန်းတဲ့ ပတ်တီးတွေရော တွေ့ရတယ်” ဟု ဗိုလ်ခရော့စ်ကပြောသည်။
ယင်းသို့စစ်ကြောင်းထွက်လာမှုကြောင့် မြိုင်မြို့နှင့် ကန်နီပျူစောထီးရွာကြားရှိ ကျေးရွာ ၁၀ရွာမှ ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြိုင်ဒေသခံတစ်ဦးကပြောသည်။
“ ရုတ်တရက်ကြီးဆိုတော့ စားနပ်ရိက္ခာအခက်အခဲပဲရှိမယ်။ ပြီးတော့ သက်ကြီးရွယ်အိုတွေရောပါတော့ ဆေးဝါးလိုအပ်ချက်တွေလည်းရှိမယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် အထိနာနေသော်လည်း မြိုင်မြို့ထဲသို့ ပြန်လည်ဝင်ရောက်ခြင်းမရှိသဖြင့် စစ်ကြောင်းနှင့်နီးသည့် ကျေးရွာများကို မီးရှို့ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်းထို့ကြောင့် ဒေသခံများအနေနှင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန်လိုကြောင်း မြိုင်ပကဖကတိုက်တွန်းထားသည်။
ယင်းတိုက်ခိုက်မှုများကို မြိုင်ပကဖ တပ်ရင်း၊ တပ်စု၊ တပ်စိတ်များနှင့် ပခုက္ကူခရိုင်တပ်ရင်း ၂၊ ၆၊ ၇နှင့် ၁၇တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်ရေးတင်းမာနေသေးသဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများကို လုံခြုံရေးအရ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
စစ်သားများ သေဆုံး၊ ဒဏ်ရာရမှုများအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။