မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် ပျူစောထီး ၈ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင် တပ်ရင်း ၆ – NDA MDY က ယနေ့ (ဖေဖော်ဝါရီ ၁၀ ရက်) တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်၊ ည ၈ နာရီခန့်တွင် မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို တိုက်ခိုက်ရာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု နှစ်ရာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
“ တော်လှန်ရေးစကတည်းက အထိုင်ချထားတာ သုံးနှစ်ကြာပြီ၊ စခန်းသိမ်းခါနီး အနိမ့်ကျေးရွာဘက်က ၈၀ မမ တွေ၊ ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်လို့ စခန်းကို မသိမ်းနိုင်ခဲ့ဘူး။ ပျူစောထီးနဲ့ စစ်တပ်အင်အား ခန့်မှန်း ၆၀ လောက် ရှိတယ်။ သေဆုံးမှုကတော့ အတွင်းသတင်းအရ အတည်ပြုနိုင်ပါတယ်” ဟု မန္တလေးခရိုင် တပ်ရင်း ၆ – NDA MDY မှ တာဝန်ခံ ကိုဇီးရိုး က MPA သို့ ပြောသည်။
“ မြောက်ကျွန်းရွာမှာက စစ်တပ်မိသားစုဝင်တချို့ပါ နေကြတယ်လို့ ကြားရတယ်။ မြင်းခြံမြို့နယ်ထဲက ရွာတွေပေါ့နော်၊ စစ်တပ်က အရပ်သားကို ဖမ်းဆီးပြီး သတ်တာတွေ၊ ဓားစာခံတွေလုပ်ပြီး လူသားဒိုင်းတွေ လုပ်ကြတယ်။ အခုဆို မြင်းခြံ – နွားထိုးကြီးလမ်းပေါ်မှာက စစ်တပ်က အရမ်းဆိုးနေတယ်” ဟု မြင်းခြံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၆ တပ်ရင်း (NDA MDY)၊ မြင်းခြံခရိုင် (ပကဖ) ၊ တောင်သာမြို့နယ် (ပကဖ) ၊ ငါးဇွန်မြို့နယ် (ပကဖ) ၊ မြင်းခြံမြို့နယ် (ပကဖ)၏ ကွပ်ကဲမူ့အောက်တွင်ရှိသော ANYAR FEDERAL TASK FORCE Myingyan ၊ ဧရာဝတီ မင်းသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံ၊ MGN-35 ပြောက်ကြားတပ်ဖွဲ့ ၊ 8 Star ပြောက်ကျားတပ်ဖွဲ့ မဟာမိတ်အင်အားစုများဖြစ်သော မြင်းခြံခရိုင် တပ်ရင်း အမှတ်( ၃)၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် (၂) MGN-RANGER I ဇာမဏီပြောက်ကျားတပ်ဖွဲ့ ငါးဇွန်၊ -မန္တလေးခရိုင် တပ်ရင်း အမှတ် ၃၊၅၊ THWAYTHAUK REVOLUTION FORCE ၊ မြောင်ကျေးရွာတပ်ပေါင်းစု ၊ မြောင်ဗိုလ်တောက်ထွန်း ၊ မြောင် (ပလဖ) ၊ ရေလည်ကျွန်း နွေဦးစစ်သည် – Black Wolf PDF. Mdy ၊ ဒေါင်းညီနောင်၊ Mobile DRF ရေလည်ကျွန်း ရပ်ကျေး( ပကဖ) SLK LPDF ၊ KNT LPDF ၊ တပ်ခွဲ(၂) တို့ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ စစ်ကောင်စီအမြစ်ပြုတ်မှ ကျတော်တို့ အနာဂတ်တွေလှမှာမို့ သွေးမအေးဘဲ ရရာနည်းတွေနဲ့ တော်လှန်နေမှာပါ၊ အခုချိန်မှာက စစ်ကောင်စီဘက်တော်သားဆိုရင် ပြည်သူတွေက အရမ်းရွံနေကြတာမို့ ပျူစောထီးနဲ့ စစ်သားတွေ အလင်းဝင်ကြဖို့ တိုက်တွန်းချင်တယ် ” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်တွင်လည်း စစ်ကောင်စီတပ် အထိုင်စွဲထားသော မြောက်ကျွန်းကျေးရွာရှိအထက်တန်းကျောင်း(ခွဲ) ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့သေးသည်။