စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ စစ်ကောင်စီ အထိုင်စခန်းများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၂ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှ တပ်ရေးဗိုလ်က MPA သို့ ပြောသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၉ရက်)၊ မနက် ၁၀နာရီခွဲခန့်တွင် ရေဦးမြို့၊ ဂါဝီပန်းခြံအနီးရှိ လက်နက်ကြီးအထိုင်ချထားသည့် စစ်တပ်စခန်းကို Fixed Wing Drone (မောင်းသူမဲ့လေယာဉ်ငယ် ) များဖြင့် ဗုံးသီး ၄လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ရေဦးက ထွက်သွားတဲ့စစ်ကြောင်းက ရွာတွေကို ပတ်မွှေနေတာ၊ ပြီးတော့ မုတ်စီရွာမှာ အထိုင်ချပြီး ဝပ်နေတာ၊ အဲဒီအနီးအနားတဝိုက်က ပြည်သူတွေ ရွာမကပ်ရတာ လေးငါးညရှိပြီဗျ၊ ဒါကြောင့်မလို့ မြို့ပေါ်က စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာပါဗျ” ဟု ၎င်းကပြောသည်။
ထို့ပြင် ဖေဖော်ဝါရီ ၉ရက်၊ မနက် ၁၁နာရီခွဲခန့်တွင်လည်း ဟိန်းဆီဆိုင်အနီး ဆက်ကြေးကောက်နေသည့် စစ်တပ်ဂိတ် အား ဗုံးသီး ၂လုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ ဟိန်းဆီဆိုင်နားက ဆက်ကြေးကောက်တဲ့ဂိတ်က တော်တော်ဆိုးတယ်။ ရဲစခန်းထောက်ခံစာမပါရင် ပြည်သူတွေ အဲ့ဒီဂိတ်က ဖြတ်မရဘူး။ ဗုံးသီးချပြီးတော့ ဘေးပတ်ဝန်းကျင်ကို လက်နက်ငယ်နဲ့ပစ်ခတ်တာမျိုးတော့ ရှိတယ်။ ဂါဝီဂိတ်နားကို ချတုန်းကလဲ အခုလိုပဲ ပစ်တယ်ဗျ” ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် ဂါဝီဂိတ်အနီးရှိ လက်နက်ကြီး အထိုင်ချနေရာမှ စစ်သား ၂ဦးသေဆုံးကာ ၅ဦးဒဏ်ရာရရှိကြောင်း ၊ ဟိန်းဆီဆိုင်အနီးရှိ ဆက်ကြေးကောက်ဂိတ်မှ စစ်သား ထိခိုက်သေဆုံးမှုရှိမရှိ အတည်ပြုရန် ကြိုးစားနေကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်းမှ တပ်ရေးဗိုလ်က ပြောသည်။
ထို့ပြင် ယနေ့ ( ဖေဖော်ဝါရီ ၁၀ ရက် )၊ မနက် ၁၀နာရီခန့်က မုတ်စီကျေးရွာတွင် ရှိနေသော စစ်ကြောင်းသည် ထန်းတောရွာမှ ဂါဝီဂိတ်သို့ ပြန်အဝင်တွင် ဗုံးသီး ၂လုံးကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း တပ်ရေးဗိုလ်က ပြောသည်။
“ စစ်ကြောင်းကို ကားနဲ့လာကြိုတာ၊ သူတို့က ကားပေါ်အတက်မှာ ဗုံးသီးချခဲ့တာဗျ၊ အထိအခိုက်ရှိမရှိတော့ စုံစမ်းနေတုန်းပါ၊ ဖရိုဖရဲဖြစ်သွားတာကိုတော့ ကင်းထောက်ဒရုန်းကနေ မြင်ရတယ်” ဟု ၎င်းကပြောသည်။
အထက်ပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီက ရေဦးမြို့အတွင်း ၂ရက်ဆက်တိုက် လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများရှိခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။