စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများကို ဖမ်းဆီးကာ မိုင်းရှင်းခိုင်းခဲ့ကြောင်းသိရသည်။
ယနေ့(ဖေဖော်ဝါရီ ၁၀ရက်) နံနက် ၈နာရီခွဲခန့်က ချောင်းဦးမြို့နယ်အဝင်ရှိ ရတနာအောက်ဆီဆိုင် အနီးသို့ မိုင်းရှင်းရန်လာသော မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်သား၃၀ဝန်းကျင် သည် ခရီးသည်တင်မှန်လုံကားဖြင့် ခင်မွန်ကျေးရွာသို့ ဝင်ရောက်လာပြီး မုံရွာ-မန္တလေးလမ်းဘေးရှိ ပြည်သူ ၂၀ခန့်အား ဖမ်းဆီးကာ မိုင်းရှင်းခိုင်းခဲ့ကြောင်း ဒေသခံအချို့ထံကသိရသည်။
ယင်းဖမ်းဆီးခံ ပြည်သူ ၂၀ခန့်ကို ခင်မွန်ရွာမြောက်ဘက်အထွက်ကျောင်းကွေ့အနီး၌ မိုင်းများရှာဖွေဖြုတ်ခိုင်းခဲ့ပြီး နံနက် ၉နာရီခွဲခန့်တွင် ခင်မွန်ရွာအနီး လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ပြည်သူ ၈ဦးကိုလည်း ထပ်မံဖမ်းဆီးကာ ခင်မွန်ရွာတောင်ဘက်လမ်းပေါ်ရှိ မိုင်းများအား ထပ်မံရှင်းလင်းခိုင်းခဲ့ကြောင်းသိရသည်။
“ အလုပ်ပြတဲ့သဘောမျိုးနေမှာ။ သူတို့မိုင်းရှင်းနေပါတယ်ပေါ့။ အလုပ်လုပ်နေတယ်ဆိုတာ အထက်ကိုပြဖို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူတို့မိုင်းရှင်းရင်တောင်မှ မိုင်းရှင်းစက်တွေ ဘာတွေနဲ့ရှင်းကြတယ်ဗျာ။ ခုဟာကျတော့ ပြည်သူကို ဘယ်လိုစက်မျိုးမှမပါဘူး။ လက်နဲ့ဖြုတ်ခိုင်းတဲ့ဟာကြီးကျ တော်တော်ကိုမဖြစ်သင့်တဲ့အရာကြီးဗျ။ ဖြတ်စရာမပါတောင် ပါးစပ်နဲ့ကိုက်ဖြတ်ဆိုပြီး ပြောတယ်တဲ့ဗျ” ဟု ချောင်းဦးမြို့နယ်အခြေစိုက် PDF ရဲဘော်တစ်ဦးကပြောသည်။
မိုင်းရှင်းလင်းစဉ် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း ၎င်းကပြောသည်။
“ မိုင်းစထိမှန်တာလို့ကြားတယ်။ ဘယ်လိုဖြစ်သွားတာလဲဆိုတာတော့ သေချာမသိရသေးဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားလာမည့် စစ်ကောင်စီယာဉ်တန်းရှိသဖြင့် မိုင်းရှင်းခြင်းဖြစ်နိုင်ကြောင်း မုံရွာမြို့အဝင်နေပြည်သူတစ်ဦးကပြောသည်။
“ မနေ့ကတည်းက လမ်းကြောင်းရှိတယ်ကြားနေရတာ။ လူကြီးလမ်းကြောင်းဆိုလားပဲ။ ဒီနေ့တော့ လမ်းပေါ်ကမိုင်းတွေလာရှင်းနေတယ်” ဟု ၎င်းကပြောသည်။
ယနေ့ နံနက် ၁၀နာရီ ၄၅မိနစ်ခန့်တွင် မိုင်းရှင်းခိုင်းသော ပြည်သူများကို ပြန်လွှတ်ပေးခဲ့ပြီး ဖြုတ်ယူရှင်းလင်းခဲ့သည့်မိုင်းများအား စစ်ကောင်စီတပ်က ယူဆောင်ကာ ချောင်းဦးမြို့အဝင်ရှိ မြပုလဲဂိတ်သို့ဝင်ရောက်သွားကြောင်းသိရသည်။