မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာမြစ်အနောက်ဘက်၊ ဇဟောကျေးရွာကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ ၁၀ရက်)၊မနက် ၇နာရီခွဲအချိန်ခန့်တွင် စစ်ကြောင်းထိုးလာပြီး ကျေးရွာအတွင်း စည်းရုံးရေးများလုပ်ဆောင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ဂန့်ဂေါမြို့၊ ခလရ(၅၀)တပ်မှ စစ်ကောင်စီအင်အား (၈၀)ခန့်သည် ဂန့်ဂေါပြည်သူ့ဆေးရုံအနီးမှ မြစ်သာမြစ်ကိုဖြတ်ကူး၍ ဇဟောရွာသို့ရောက်ရှိလာကြောင်း ဇဟောဒေသခံတစ်ဦးက MPAကိုပြောသည်။
” ရွာမှာက အလှူရှိတယ်လေ။ သူတို့(စကစ)က အခုမြောက်ကျောင်း(ဘုန်းကြီးကျောင်း)မှာ နေကြတာ၊ အလှူကိုလည်း အေးအေးဆေးဆေးလုပ်ဖို့ပြောတယ်။ တောသွားတဲ့လူတွေလည်း ရွာထဲပြန်ဝင်နေချင်နေကြဖို့ မိုက်နဲ့အော်တယ်။ ရွာမှာ တစ်ညအိပ်မယ်လို့ပြောတယ်။ အဲ့ဒါတော့ ညနေမှဘဲသိရမှာ။ ရွာထဲမှာ ကင်းပတ်တာ၊ ဘာညာလည်းမလုပ်ဘူး” ဟု ဇဟောရွာဒေသခံအမျိုးသမီးတစ်ဦးက MPAကိုပြောသည်။
စစ်ကောင်စီအနေဖြင့် ဂန့်ဂေါမြို့အနောက်မြောက်ပိုင်း ကျေးရွာများသို့ စစ်ကြောင်းမထိုးသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုမှပြန်လည်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ အခုက မြို့ပတ်ပတ်လည်ကို မြို့လုံခြုံရေးအတွက် စစ်ကြောင်းထိုးမယ်လို့သိရတယ်။ အခုစစ်ကြောင်းကတော့ ပြည်သူ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုတဲ့၊ အကောင်းပြတဲ့စစ်ကြောင်းလို့သိရတယ်” ဟု ဂန့်ဂေါမြို့ပေါ်မှ စစ်တပ်နှင့်နီးစပ်သူတစ်ဦးက MPAကိုပြောသည်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းပျူစောထီးကျေးရွာကိုလည်း ကလေးမြို့စစ်ကောင်စီမှ ဖေဖော်ဝါရီ (၇)ရက်နေ့တွင် ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းများ ပို့ပေးခဲ့သည့်အတွက် အနီးပတ်ဝန်းကျင်ကျေးရွာများအနေဖြင့် ပြန်လည်စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။