စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီ ၉ ရက် ၊မွန်းလွဲ ၃ နာရီ ဝန်းကျင်တွင် ကောလင်းမြို့နယ်၊ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းပေါ်ရှိ ကုက္ကိုလ်ကုန်းကျေးရွာ ဆေးရုံကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
ဗုံးကြဲခံရမှုကြောင့် ဆေးရုံအဆောက်အအုံအချို့ ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
“ခွေးက ဝင်နေတယ်။အင်အား ၈၀၀ လောက်ရှိတယ်။မနေ့က လေယာဥ်နဲ့ ဗုံး ၄ လုံးကြဲသွားတယ်။လက်နက်ကြီးကတော့ မနေ့က မိုးရွာသလိုကို ပစ်တာပဲ။ဒီမနက်တော့ မြို့ထဲ သူတို့ လူတွေရှိတော့ လေယာဥ်လည်း မပစ်ဘူး။လက်နက်ကြီးနဲ့လည်းမပစ်သေးဘူး။မြို့ဆေးရုံနောက်ကျောမှာ စစ်ကြောင်း ၁ ကြောင်း ရှေ့တော့ မတိုးသေးဘူး။ဒီမနက်လည်း ရမ်းပစ်တွေတော့ ရှိနေသေးတယ်”ဟု ၎င်းကပြောသည်။
ဖေဖေါ်ဝါရီ၉ရက်၊ နံနက် ၅ နာရီ မှ ၈ နာရီ၁၅မိနစ်ထိ ဝန်းသိုအခြေစိုက် ခမရ-၁၁၁ နှင့် ခမရ ၁၂၀ တို့မှ ဟောင်ဝှစ်ဇာအမြောက်ဖြင့် ၂၁ ချက်ပစ်ခတ်ခဲ့ရာ ကောလင်းမြို့ပေါ်ရှိ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း Kawlin Revolution-KR က ထုတ်ပြန်ထားသေးသည်။
“မနေ့က ညနေ ၃ နာရီ ၂၀ မှာ ကျော်ဇေယျာရပ်ကွက် တောင်ပိုင်းကို မီးရှို့တယ်။လက်နက်ကြီးနဲ့လည်း တစ်နေကုန်ပစ်နေတာပဲ။လူနေအိမ်တချို့ ပျက်စီးမှုတွေရှိတယ်။ စစ်တပ်ကလည်း ကောလင်းကို ပြန်ရဖို့ ကြိုးစားနေသလို ကာကွယ်ရေးတပ်တွေကလည်း ကောလင်းမကျရေး ကြိုးစားနေတော့ တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ”ဟု Kawlin Revolution-KR မှ တာဝန်ရှိသူကပြောသည်။
ကောလင်းမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး နှစ်ဘက် ထိခိုက်မှုအခြေအနေကို MPA အနေနှင့် စုံစမ်းနေဆဲဖြစ်သည်။