မကွေးတိုင်း၊ ရေစကြို – ပခုက္ကူ ကားလမ်းပေါ်တွင် စစ်အုပ်စုဝင်များ အနီးကပ် ပစ်ခတ်ခံရပြီး ၂ဦး သေဆုံးသွားကြောင်းသိရသည်။
ယနေ့(ဖေဖေါ်ဝါရီ၉ရက်) နံနက် ၁၁နာရီခန့်က ရေစကြိုမြို့နယ်၊ ဆင်ချောင်းပျူရွာမှ ပခုက္ကူဘက်သို့ထွက်လာသည့် စစ်သား၆ဦးနှင့်ပျူစောထီး ၁ဦးတို့ လိုက်ပါလာသော အိမ်စီးကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို နာရီဝက်ခန့်ကြာ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Young Force UG က သတင်းထုတ်ပြန်ထားသည်။
“ အလောင်းလည်းရတယ်။သူတို့ကိုင်တဲ့သေနတ်G3တစ်လက်နဲ့ ကာဘိုင်တစ်လက်လည်း ရတယ်” ဟု Young Force UG အဖွဲ့မှ သတင်းပြန်ကြားရေးတာဝန်ခံကပြောသည်။
PDF တို့က ပစ်ခတ်နေစဉ် ကားပေါ်ပါလာသည့် စစ်သားများ ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်ပေါ်ပါလာသော စစ်သားတစ်ဦးနှင့် ပျူစောထီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ သူတို့ပစ်ခတ်ခံရပြီးတော့ စစ်သားတွေက လမ်းပိတ်ထားတယ်။ဖြစ်ပြီးနောက်ပိုင်းခဏပိတ်တာ။အဖမ်းခံရတာ အစစ်ခံရတာတော့မရှိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
ကားပေါ်ပါလာသည့် စစ်သားများထိခိုက်မှုရှိ၊မရှိကိုမူ အတည်မပြုနိုင်သေးပေ။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပ.က.ဖ ၊ Southern Yesagyo PDF နှင့် ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ(၂) တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။