မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောတောင်စု ကျေးရွာကို စစ်ကောင်စီတပ်က ၁၁ကြိမ်မြောက်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ဖေဖေါ်ဝါရီ၈ရက်၊ညနေပိုင်းတွင် အုန်းတောတောင်စုရွာ၌ တပ်စွဲထားသော စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ ဘာတိုက်ပွဲမှလည်း မရှိ အပစ်အခတ်လည်း မရှိဘဲ ဒီအတိုင်း ရှို့တာပါ။ နေအိမ် ဘယ်လောက်ထိ ပါသွားလဲ ဆိုတာတော့ ကျတော်တို့ မသိရပါဘူးဗျာ။ ဘာလို့လဲဆို ရွာထဲမှာ ပြည်သူ တစ်ယောက်မှ မရှိတော့ပါဘူး ။ သူတို့( စစ်သားများ ) တပ်မစွဲခင်ကတည်းက နေအိမ်တွေ စွန့်ပြီး ထွက်ပြေးလာရလို့ ပါ။ မှန်းရသလောက် အိမ်ခြေ ၃၀ နီးပါးတောင် မကျန်လောက်တော့ပါဘူး” ဟု ပေါက် အခြေပြု တော်လှန်ရေး တစ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်တစ္ဆာ တပ်ဖွဲ့ မှ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော် သေမင်း က ပြောသည်။
စစ်သားအင်အား ၈၀နီးပါးနှင့် ယာကြီးပြင်ပျူစောထီးရွာမှ ပျူစောထီးအချို့တို့သည် ၂၀၂၃ခုနှစ်၊နိုဝင်ဘာကတည်းက အုန်းတော တောင်စု ကျေးရွာ၌ အထိုင်ချ တပ်စွဲ ခဲ့ကြောင်း သိရသည်။
“ ပြီးခဲ့တဲ့ အောက်တိုဘာ လ ကုန်ပိုင်းလောက်မှာ ပေါက်မြောက်ပိုင်းကို စစ်ကြောင်း ထိုးဖို့ လာတော့ အုန်းတော နားမှာ သူတို့ ( စစ်သား ) တော်တော် အထိနာတယ်။ ၁၅ ရက်လောက်ကြာသွားတယ်။ အဲဒါအပြီး နို၀င်ဘာ လကတည်းက အင်အား အပြည့်နဲ့ လာပြီး ၀င်ထိုင်သွားတာပဲ “ ဟု ၎င်း က ဆက်လက်ပြောသည်။
အုန်းတော တောင်စု ကျေးရွာမှာ ပေါက်မြို့၏ အရှေ့ဘက် ၁မိုင် ခန့်အကွာ၌တည်ရှိပြီး ဒေသခံများသည် စစ်တပ် လာရောက် တပ်မစွဲ ခင်ကတည်းကပင် ရွာတွင် မနေတော့ကြောင်း သိရသည်။
“ အာဏာ သိမ်းပြီး ၆ လလောက် နေတော့ကို ကိုယ့် အိမ်ကိုယ် မအိပ်ရဲကြဘူး။ အပြင် ထွက်အိပ်ကြရတာ။ ကိုယ့်ရွာကိုယ် အသီးအနှံ စိုက် တာ ပျိုးတာလောက်ပဲ လုပ် နိုင် ကြတာ။ တချို့တော့ ပြန်အိပ်တာ ဘာညာ ရှိေသးတယ် ။အ ခုကတော့ ဘာမှကို မလုပ် နိုင်တာပါ ” ဟု နေရပ် စွန့်ခွာထွက်ပြေးခဲ့ရသော အုန်းတော တောင်စု ကျေးရွာသား တစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်၊ဧပြီလအတွင်း အုန်းတော တောင်စု ကျေးရွာကို စစ်တပ်က ပထမဆုံး အကြိမ် မီးရှို့ ခဲ့ပြီးနောက် ကျေးရွာနေ ပြည်သူ အားလုံး နေရပ် စွန့်ခွာ၍ နီးစပ်ရာ ဆွေမျိုးများရှိသည့် ကျေးရွာများ ဆီသို့ ထွ က်ပြေး နေထိုင်ခဲ့ကြကြောင်း ထို့နောက် ဆက်တိုက်ဆိုသလို မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
“ အဲ အာဏာ သိမ်းပြီး ၆ လလောက် နေတော့ ပေါက်ထဲကနေ ဂိတ်လာ ချသေးတယ်။ ၃ လလောက် ဂိတ်ချပြီး ပြန်ဆုတ်သွားတယ် ၊။ အဲဒါပြီး တချို့ရွာထဲ ပြန်၀င်ကြသေးတယ်။ အများစုက မ၀င်ရဲဘူး ။ အဲနောက်ပိုင်း ရွာကို လုံးလုံး မ၀င်တော့ဘဲ အနီးအနားက စိုက်ခင်းလေးတွေ စိုက်စား နေသေးတယ် ။အခု တပ်စွဲ လိုက်တော့ အကုန် သွား စိုက်လို့ မရတော့ဘူး။ စိုက်ပြီးသားတွေ ရိတ်သိမ်းချိန် မသိမ်းရတော့ဘူး “ ဟု ၎င်း က ဆက်လက်ပြောသည်။
အုန်းတော တောင်စု ကျေးရွာမှာ ပေါက်-ပခုက္ကူ ကားလမ်းမ ဘေး၌ တည်ရှိကာ အိမ်ခြေ ၁၅၀ကျော် ရှိသော ကျေးရွာ တစ်ရွာ ဖြစ်သည်။