ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ စစ်ကောင်စီစစ်ဆေးရေဂိတ်ကို ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၅:၄၀ အချိန်တွင် ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁-တပ်ခွဲ ၅ ကြို့ပင်ကောက် ဟီးရိုး (hero) ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါစစ်ဆေးရေးဂိတ်သည် အုတ်ဖိုတာဆုံရဲကင်းအနီးတွင်တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်ကျော်အထိုင်ချ စစ်ဆေးနေသည့် ဂိတ်တစ်ခုဖြစ်ကြောင်း ကြို့ပင်ကောက်ဟီးရိုး(hero)ပြောက်ကျားတပ်ဖွဲ့က ဗိုလ်မိုးကြိုးက ပြောသည်။
“ကျွန်တော်တို့ ကားအသွားလာ ရှင်းတဲ့အချိန်ဝင်ပစ်တာ၊ ၁၀ မိနစ်လောက်ပဲကြမယ်၊ ရဲ ၃ ယောက်လဲကျသွားတာတွေ့တယ်၊ ၄ ယောက်ကထိတယ် လဲကျမသွားဘူး ဒဏ်ရာလောက်ပဲရမယ်ထင်တယ်၊ သူတို့ဘက်ကလဲပြန်ပစ်တာရှိတယ်၊ ကျွန်တော်တို့ ရဲဘော်တွေထိခိုက်မှုမရှိဘူး”ဟု ၎င်းက ရှင်းပြသည်။
အုတ်ဖိုမြို့နယ်အတွင် ၎င်းစစ်ဆင်ရေးဂိတ်သည် အကြီးဆုံးဂိတ်တစ်ခုဖြစ်သည့်အပြင် စစ်ကောင်စီအတွက် ဝင်ငွေများစွာရှာဖွေပေးနေသည့် ဂိတ်တစ်ခုလည်း ဖြစ်ကြောင်း ဗိုလ်မိုးကြိုးက ဆက်လက်ပြောသည်။
“ကားတွေလည်းပိုက်ဆံအရမ်းတောင်း၊ ဆိုင်ကယ်တွေလည်းဖမ်းငွေညစ်၊ ပြည်သူတွေကိုအနိုင်ကျင့်ပြီး ငွေရှာပေးနေတာ ဒီကောင်တွေက၊ ပြည်သူ့မျက်နှာကြည့်ပြီး အလင်းဝင်မလာဘဲ အာဏာရှင်တစ်စု ကောင်းစားဖို့ငွေရှာပေးနေတာ“ဟု ဗိုလ်မိုးကြိုးက ဆိုသည်။
အဆိုပါစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အုတ်ဖိုမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုများ တင်းကျပ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“အခုမနက် အုတ်ဖိုနဲ့ ပဲခူးရိုးမ အဆင်း၊ အတက်ကျေးလက်လမ်းတွေမှာ ပိတ်ဆို့စစ်ဆေးနေတယ်၊ မြို့ထဲက ဌာနဆိုင်ရာရုံးခန်းတွေလည်း လုံခြုံရေးတွေပိုချထားတယ်၊ ရဲတွေစစ်သားတွေမြို့ထဲရှုပ်နေတယ်”ဟု ၎င်းက ဆိုသည်။
ယခုစစ်ဆင်ရေးအားဖော်ဆောင်ခဲ့သည့် ဟီးရိုး(hero)ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က ကြို့ပင်ကောက်မြို့နယ်ရှိ စစ်ကောင်စီတိုးဂိတ်ကို ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသွားသေးသည်။