စစ်ကောင်စီနှင့် ပျူစောထီးများ အထိုင်ချထားသည့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကံရွာကို ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်က ကိုယ့်ရွာကိုယ် မီးပြန်ရှို့ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ရက်၊ မနက် ၅ နာရီ ၄၀မိနစ်ခန့်က အင်အား ၃၀ခန့်ရှိ ကံရွာစစ်ကောင်စီအထိုင်ချစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှ သတင်းပြန်ကြားတာဝန်ခံက MPA သို့ ပြောသည်။
“ ကံရွာက ပြည်သူရယ်လို့ မရှိတော့ဘူး။ ပျုတွေနဲ့ စစ်သားတွေပဲ အထိုင်ချပြီး ကတုတ်ကျင်းတွေ ဘန်ကာတွေနဲ့ တပ်စွဲထားကြတာ၊ ကျတော်တို့ဘက်ကတော့ ဦးအောင် စတိုက်ခိုက်ခဲ့တာဗျ “ ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်သားများမှ ဘန်ကာများမှ ဆုတ်ပြေးရင်း ယင်းရွာရှိနေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆက်ရှင်းပြသည်။
“ သူတို့က ရွာထဲ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံမှာ နေတာဗျ။၊ရွာပြင်ပတ်ပတ်လည်မှာ ဘန်ကာတွေ အခု ၂၀ လောက်ရှိတယ်။ ဘန်ကာကနေ စစ်သားတွေ ဆုတ်ပြေးရင်းနဲ့ ရွာထဲက ထွက်ပြေးသွားတဲ့ပြည်သူတွေနေအိမ်တွေကို ရှို့တာ။ PDF တွေရှို့တဲ့ပုံစံမျိုး ဖြစ်အောင် ဖန်တီးတာပါ” ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေး ရဲဘော် ၁၀ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ ကျတော်တို့က စခန်းကိုသိမ်းနိုင်ဖို့အထိ ရည်ရွယ်ထားတာဆိုတော့ တိုက်ပွဲက ကြာလဲကြာတယ်။ ၄နာရီလောက်ရှိမယ်။ Battle မှာလဲ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ တောက်လျှောက် ကောင်တာလာတယ်။ ကျည်တွေရောပေါ့” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
ယင်းတိုက်ပွဲကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) နှင့်အတူ ကာကွယ်ရေးတပ်ပေါင်းစုဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။